Tuesday 13 November 2012

ဖိုးဝရုပ်လေ၏ထပ်တူညီအပြုံး

ဒီကိုရောက်လာတဲ့ လူကြီးတွေအားလုံး သူတို့ရဲ့ ဒုတိယမြောက်ရွေးချယ်ခွင့် အတွက် မောင်ရင်လိုပဲ ဖိုးဝရုပ်လေးကိုပဲ ရွေးချယ်ဖြစ်ခဲ့ကြတယ်။ အေးလေ…. တကယ်အပြုံးစစ်တစ်ခု လှိုက်လှိုက်လှဲလှဲ အပြုံးတစ်ခုရဖို့ အရုပ်ကလေးဆီက သူတို့ပြန်သင်ယူကြရမှာပေါ့´။ အသက်ခုနစ်ဆယ်ခန့်ရှိသော အဖိုးအိုတစ်ယောက်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်က ၀ယ်ယူခဲ့သော ဖိုးဝရုပ်ကလေးကိုကြည့်ရင်း ထိုဖိုးဝရုပ်ကလေးရောင်းချသော ဆိုင်ပိုင်ရှင်၏ တိုးဖွဖွ စကားသံတို့ကို ပြန်လည်ကြားယောင်နေမိ၏။

ထိုအဖိုးအိုသည် ဆိုင်ပိုင်ရှင်၏ ဆိုစကားအတိုင်း ဖိုးဝရုပ်လေးဆီမှ စစ်မှန်သောအပြုံးတစ်ခုကို ပြုံးနိုင်ခြင်းမရှိသေးပေ။ ယခုလည်း သူနေထိုင်ရာ မြို့လေး၏ အရှေ့ဖက်လေးဖာလုံခန့်ဝေးသော ကားလမ်းဘေးယူကလစ်ပင်လေးတစ်ပင်အောက်ရှိ ထိုင်ခုံလေးတွင် ထိုင်၍ ဖိုးဝရုပ်လေးအား ကြည့်ရင်း စစ်မှန်သော အပြုံးတစ်ခုကို ရှာဖွေနေခြင်းဖြစ်၏။ အဖိုးအိုထိုင်နေရာရှေ့ဖက်တွင် ကားလမ်းဖို့စဉ်က မြေတူးယူခဲ့မှုကြောင့် ရေမြောင်းကြီးတစ်ခုဖြစ်နေ၍ ထိုရေမြောင်း၏ ရှေ့ဖက်တွင် မျက်စိတစ်ဆုံး လယ်ကွင်းပြင်များသာရှိ၏။ ရေမြောင်း၏ ဘေးကပ်လျက်လယ်ကွင်းတွင် လူငယ်တစ်ဦးသည် ထွန်စက်ကလေးဖြင့် လယ်ထွန်နေလေသည်။ အဖိုးအိုသည် လူငယ်ကိုတစ်လှည့် ဖိုးဝရုပ်လေးကိုတစ်လှည့်ကြည့်ရင်း အပြုံးပဟေဠိကို ရှာဖွေနေမိ၏။ ထို့နောက် စိတ်ပျက်စွာဖြင့် သက်ပြင်းမောကိုချလျက် ပြန်တော့မည်ဟု ဆုံးဖြတ်ချက်ချ၍ မိမိ၏ အဖော်အဖြစ်ပါလာသော တောင်ဝှေးလေးကို လက်ဖြင့်လှမ်းယူ၍ အားပြုလျက် မတ်တပ်ရပ်လိုက် ပြီးနောက် ဖိုးဝရုပ်လေးကို ကြင်နာယုယစွာ လက်ဝဲလက်ဖြင့်ပိုက်ထားလိုက်၏။ ထို့နောက် လေကောင်းလေသန့်ရသော လယ်ကွင်းပြင်ကြီးမှလေကို တစ်ဝကြီးရှူရှိုက်ရန် လူငယ်လေးရှိရာလယ်ကွင်းဖက်သို့ လှည့်လိုက်စဉ် စူးရှနာကျင်စွာဖြင့် အော်လိုက်သောအသံတစ်ခုကို ကြားလိုက်ရ၏။ အဖိုးအိုနည်းတူ လယ်ထွန်နေသော လူငယ်လေးလည်းကြားဟန်ရှိပြီး လူငယ်လေးသည် အဖိုးအိုရှိရာသို့ အပြေးရောက်ရှိလာပြီး အသံလာရာဆီသို့ ကြည့်၍ ဒေါသထွက်နေပုံရ၏။ ပါးစပ်မှလည်း….. `တောက်ရက်စက်လိုက်တာ´ ဟု ရေရွတ်နေ၏။ အဖိုးအိုသည် လူငယ်လေး၏ ဒေါသထွက်နေပုံကိုကြည့်၍ ငွေ့ငွေ့ငြင်ငြင်ပြုံးနေ၏။


ပြီးနောက် လူငယ်လေးအားအဖိုးအိုက… `လူလေး ဘာကြောင့် ဒီလောက်ဒေါသထွက်နေရတာလဲ´ဟု မေးလိုက်ရာ လူငယ်လေးသည်အဖိုးအိုအား ရေမြောင်းကြီး၏ကမ်းစပ်ဘေးသို့လက်ညှိုးညွှန်၍ `ဟိုမှာ ကြည့်လိုက်ပါဦး အဖိုးရယ် မြွေကသူ့ရမ္မက်အတွက် သူများအသက်ကို ရက်ရက်စက်စက်သတ်နေတာ´ ဟု အဖိုးအိုအား မြွေတစ်ကောင်မှ ဖားတစ်ကောင်အားမြိုနေသည့်မြင်ကွင်းကို လက်ညှိုးညွှန်ပြလိုက်၏။ အဖိုးအိုသည် လူငယ်လေးညွှန်ပြရာသို့ ကြည့်လိုက်ရာ ရေမြောင်းကြီး၍ကမ်းစပ်ဘေးနားတွင် မြွေတစ်ကောင်သည်ဖားတစ်ကောင်အား အငမ်းမရမြိုနေ၏။ ဖားကလေးသည်လည်း စူးရှနာကျင်စွာ အသက်လုရုန်းကန်နေ၏။ ထို့နောက် ဖားကလေးသည် အင်အားကြီးမားသောမြွေ၏ အပြီးသတ်ဝါးမြိုခြင်းကို ခံလိုက်ရ၍ နောက်ဆုံးထွက်သက်အား နာကျင်တိုးသဲ့စွာ အော်ဟစ်ရင်း ငြိမ်သက်သွားလေ၏။ အဖိုးအိုသည် ထိုမြင်ကွင်းကိုကြည့်၍ သက်ပြင်းငွေ့ငွေ့ချရင်း …. .`ဒါ သဘာဝပဲကွယ် ဘာများဆန်းလို့လဲ´ ဟု ပြောလိုက်ရာ လူငယ်လေးက … `ဗျာ..ဒါသဘာဝ ဟုတ်လား´ မကျေချမ်းသောမေးသံ။ အဖိုးအိုက အေးချမ်းသောအပြုံးဖြင့်.. `ဟုတ်တယ်လေကွယ် ဒါမျိုးတွေက ဒို့ပတ်ဝန်းကျင်မှာ ခဏခဏတွေ့နေကြပဲဘာများဆန်းလို့လဲ´ ဟုငြိမ်းချမ်းသောဖြေသံ။ လူငယ်သည် မခံမရပ်နိုင်စွာဖြင့် အဖိုးအိုအား `အဖိုးအတွက်မဆန်းပေမဲ့ ကျွန်တော့် အတွက်တော့ ဆန်းတယ်အဖိုး အဲဒီလို မတရားမှုမျိုးကို ကျွန်တော် အရမ်းမုန်းတယ်´ဟု မိမိ၏ယုံကြည်ချက်ကိုပြာပြလိုက်သောအခါ အဖိုးအိုက ဖိုးဝရုပ်လေးကို ကြည့်၍ ပြုံးလိုက်ရင်း…`ကဲ ဒါဆို လူလေးက ဘယ်လိုလုပ်မှာလဲ´ဟု မေးလိုက်ရာ လူငယ်လေးက `အဖိုးရဲ့ တောင်ဝှေးခဏလောက် ငှားပါလား´ဟုတောင်းဆိုသောအခါ အဖိုးအိုက ဖိုးဝရုပ်လေးကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားရင်း တောင်ဝှေးအား လူငယ်လေးဆီသို့ လှမ်းပေးလိုက်ရင်း `ရော့ယူပါကွာ မင်းငှားတော့လဲ ပေးရတာပေါ့´ဟု ပြောလိုက်လေ၏။ လူငယ်လေးသည် အဖိုးအို ကမ်းပေးသော တောင်ဝှေးကိုယူ၍ မြွေရှိရာသို့ အပြေးတစ်ပိုင်းဖြင့် သွားရောက်၍ …`ကဲကွာ မတရားမှုကို လုပ်အုံး ကြီးနိုင်ငယ်ညှင်းလုပ်အုံး´ဟု ဒေါသကြီးစွာ ရေရွတ်လျက် မြွေ၏ဦးခေါင်းအား အဖိုးအို၏ တောင်ဝှေးဖြင့် ဆင့်ကဲဆင့်ကဲ ရိုက်သတ်လေရာ မြွေ၏ဦးခေါင်းသည် ညက်ညက်ကျေလျက် ခန္ဓာကိုယ်ပိုင်းမှာ တွန့်လိမ်နေ၏။ လူငယ်သည် စိတ်ကျေနပ်သည်အထိ ရိုက်နှက်ပြီးမှ အဖိုးအိုရှိရာသို့ပြန်လာ၍ တောင်ဝှေးအား ပြန်ပေးရင်း `တောင်ဝှေးငှားတဲ့အတွက် ကျေးဇူးတင်ပါတယ်အဖိုး အခုမှပဲ မတရားမှုကို ဖြေရှင်းနိုင်တော့တယ်´ ဟု ပြောလိုက်၏။ အဖိုးအိုသည် လူငယ်ပေးသော တောင်ဝှေးကို ပြန်ယူရင်း …`လူလေး မင်းစိတ်ကျေနပ်သွားလား´ဟု ပြုံးငွေ့ငွေ့ဖြင့်မေးလိုက်ရာ လူငယ်က..`ဟုတ်တယ်လေ အဖိုး ကြီးနိုင်ငယ်ညှင်းတဲ့ အကောင်ကို ဒီနည်းနဲ့ ဖြေရှင်းလိုက်ရတာ စိတ်ထဲမှာ ပေါ့သွားတယ်´ ဟု ပြန်ဖြေလိုက်စဉ် လူငယ်လေး၏ မျက်နှာတွင်လည်း မိမိလုပ်ရပ်အတွက် ဂုဏ်ယူကျေနပ်နေပုံရသော အပြုံးမျိုးပြုံးနေ၏။


အဖိုးအိုသည် မိမိ၏ တောင်ဝှေးတွင်ပေနေသော မြွေ၏သွေးစက်များကို လှည့်ပတ်ကြည့်ရှုရင်း လူငယ်လေးအား …`အဖိုးတော့ လူလေးကိုယ်တိုင် ကြီးနိုင်ငယ်ညှင်း မတရားမှုကို ထပ်လုပ်လိုက်တာကိုပဲ တွေ့တယ်ကွယ် …ဒီကြားထဲ အဖိုးရဲ့ တောင်ဝှေးတောင် အဆစ်ပါသွားပြီး သွေးစွန်းသွားတယ်ကွယ်´ဟု ငြင်သာစွာပြောလိုက်ရာ လူငယ်က အံ့သြဟန်ဖြင့် `ဗျာ ..ကျွန်တော် ကိုယ်တိုင် ကြီးနိုင်ငယ်ညှင်းတဲ့ မတရားမှုကို ထပ်လုပ်လိုက်တယ် ဟုတ်လားအဖိုး ဒါဆို အဖိုးရဲ့တောင်ဝှေးကို ဘာကြောင့်ငှားတာလဲ… ကျွန်တော်မတရားလုပ်တယ်ဆိုရင် အဖိုးရဲ့ ပယောဂလည်း ဘယ်ကင်းမလဲ´ဟု မကျေမနပ်ဖြင့် ပြန်ပြောလိုက်ရာ အဖိုးအိုက `အေး ငါ့တောင်ဝှေးငှားလိုက်တာ မင်းစိတ်ချမ်းသာအောင်လို့ လေ မင်းက မြွေကိုသတ်မယ်မှမပြောဘဲ´ ဟု ပြန်လည်၍ဖြေသောအခါ လူငယ်က `ဟာဗျာ အဖိုးက ကျွန်တော်မြွေကို ရိုက်မယ်မှန်း သိသိကြီးနဲ့ တောင်ဝှေးကို ငှားတာပဲ အခုမှ ဘာကြောင့် ဝေ့ဝေ့၀ိုက်ဝိုက်ပြောနေရတာလဲ´ဟု မကျေနပ်အပြစ်တင်သော အခါ အဖိုအိုက `အေးကွယ် အဖိုးကလည်း မြွေမသေတုတ်မကျိုး အဖြစ်မျိုးကို မင်းလုပ်မယ်ထင်တာ အခုတော့ လူလေးက ဖားလည်းသေ၊ မြွေလည်းသေဖြစ်အောင် လုပ်လိုက်တာကိုးကွယ့်´ဟု ပြောလိုက်ရာ လူငယ်က… `အဖိုးရဲ့တောင်ဝှေးမှာပေနေတဲ့ သွေးတွေကို ကျွန်တော်ပြန်ဆေးပေးပါ့မယ်အဖိုး ဒါပေမယ့် ကျွန်တော့်လုပ်ရပ်က တရားတယ်လို့ပဲ ထင်ပါတယ်´ဟု မိမိယုံကြည်ချက်ပြောပြလိုက်စဉ် အဖိုးအိုက `ရပါတယ်ကွယ် အဖိုးရဲ့တောင်ဝှေးကို အဖိုးကိုယ်တိုင်ပဲ ဆေးပါ့မယ်..လူလေးဆေးရမှာက လူလေးရဲ့ရင်ထဲမှာ စွန်းပေနေတဲ့ ဒေါသသွေးတွေပဲကွယ့်..´ဟု ညင်သာစွာ အပြော လူငယ်က အံ့သြစွာဖြင့်`ဗျာ ဒေါသသွေး ဟုတ်လားအဖိုး… အဲဒါကို ကျွန်တော်ဘယ်လိုငြိမ်းရမှာလဲ ဟုမေးလိုက်ရာ အဖိုးအိုက `မေတ္တာရေစင်နဲ့ ငြိမ်းပေါ့ကွယ်´ဟု ပြောလိုက်လေသည်။ ထိုအခါ လူငယ်က `ဘယ်လိုဘယ်လို ..အဖိုး..မေတ္တာရေစင်နဲ့ ဟုတ်လား လက်တွေ့ပဲ ခုနက မတရားမှုကို မမြင်ရတဲ့ မေတ္တာနဲ့ ငြိမ်းလို့ရပါ့မလား..ကျွန်တော်မယုံဘူးအဖိုး..ကျွန်တော်က ကိုယ်တွေ့မျက်မြင် ကိစ္စတွေကိုပဲယုံတယ်´ဟု ပြောလိုက်ရာအဖိုးအိုက လူငယ်အားနားလည်စေရန် စိတ်ရှည်ရှည်ထားမှရမည်ဟု တွေးလိုက်ပြီး`လေကိုမင်းမြင်ရလား လူလေး´ဟုမေးလေသည်။ `ဟင့်အင်း..ဒါပေမဲ့ လေက ကျွန်တော်နဲ့အမြဲထိတွေ့နေတော့ ကိုယ်တွေ့မျက်မြင်လိုပါပဲ. . ဒါကြောင့် မမြင်ရပေမဲ့ လေရှိမှန်းကျွန်တော်သိတယ် အဖိုး´ဟု ပြောလိုက်ရာ အဖိုးအိုက.. `ဒါဆိုလူလေး အဖေနဲ့အမေက လူလေးကို သန္ဓေခစေတဲ့ ကိစ္စကိုရော လူလေးမြင်ခဲ့ရလို့လား..အဖိုးရဲ့ဥပမာရိုင်းသွားရင်ခွင့်လွှတ်ပါကွယ်.. ကိုယ်တွေ့မမြင်ရပေမဲ့ ယုံရမဲ့ကိစ္စတွေ ရှိတယ်ဆိုတာ သိစေချင်လို့ပါ´ဟု ပြောလိုက်ရာ လူငယ်က `ဒါကတော့ သတ္တလောကရဲ့ မျိုးဆက်ပွားမေထုန်ကိစ္စဆိုတော့ မျက်မြင်မဟုတ်ပေမဲ့လည်း လောကသဘာဝမို့ ကျွန်တော် ယုံတယ်အဖိုး´ဟု ပြောလိုက်ရာ အဖိုးအိုက `ဒါဆိုလူလေးက သဘာဝတရားကို ယုံတယ်ပေါ့ .. ကောင်းပြီလေ လူလေးကို မေးခွန်းတစ်ခု မေးရဦးမယ် .. လူလေးချမ်းတဲ့အခါ တုန်လား..ပူတဲ့အခါ တုန်လား´ ဟုမေးလိုက်ရာ လူငယ်လေးသည် နားမလည်ဟန်ဖြင့် `ဗျာ..မေတ္တာကို သက်သေပြဖို့ ချမ်းတာတွေရော၊ ပူတာတွေရော၊ တုန်တာတွေရော ပါတာဘဲလားအဖိုးရယ်´ ဟုပြောလိုက်ရာ အဖိုးအိုက သဘောကျစွာပြုံးလိုက်ရင်း `ဘာလဲ လူလေးက အဖိုးစကားလမ်းကြောင်းလွှဲလိုက်ပြီထင်လို့လား အဲဒီလိုမဟုတ်ပါဘူးကွယ် အဖိုးမေးတာကိုပဲ ဖြေစမ်းပါ.´ဟုပြောလိုက်ရာ လူငယ်ကစိတ်မပါသောလေသံဖြင့် `ချမ်းတဲ့အခါ တုန်တယ် အဖိုး´ဟု ပြောလိုက်လေသည်။ ထိုအခါ အဖိုးအိုက `လူလေးမင်းကလေးတွေကို ချစ်တတ်လား.. ဥပမာကွာ မင်းရဲ့သားသမီး၊ ညီမလေး၊ ညီလေး၊တူ တူမလေးတွေပေါ့ ချစ်စရာကောင်းတဲ့ တွတ်တီးတွတ်တာ စကားပြောတတ်တဲ့အရွယ်တွေကိုပေါ့´ ဟု မေးလိုက်ရာ လူငယ်လေးသည် အိမ်တွင် ကျန်ခဲ့သော သူ၏ညီမလေးကို ပြန်မြင်ယောင်လျက် လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ပြီးနောက် အဖိုးအိုအားကြည့်၍ `ဟုတ်ကဲ့အဖိုး..ကျွန်တော်က ကျွန်တော့်ညီမလေးကို သိပ်ချစ်တာ အိမ်မှာဆို သူ့ပါးလေးနှစ်ဖက်ဖွဖွဆုပ်ရင်း တဟင်းဟင်းနဲ့ ကျီစယ်ဆော့ကစားရင်း တုန်နေအောင်ချစ်တယ်´ ဟုဖြေလိုက်စဉ် အဖိုးအိုသည် လူငယ်လေးအားတစ်လှည့် မိမိ၏ ဖိုးဝရုပ်လေးအားတစ်လှည့် ကြည့်၍ လက်ကနဲ့ ပြုံးလိုက်ရင်း `လူလေးက ညီမလေးကို တဟင်းဟင်းနဲ့ တုန်နေအောင်ချစ်တာလား..ခုနက လူလေးပြောတော့ ချမ်းရင်တုန်တယ်ဆို ..အခုချစ်တော့လည်း တုန်တာပဲလား….ဟား..ဟား´ဟု ရယ်မောရင်း မေးလိုက်ရာ လူငယ်က `အာ..ဒါကတော့ ဘယ်တူမလဲအဖိုးရဲ့ ´ဟုပြောလိုက်ရာ အဖိုးအိုက ဖိုးဝရုပ်လေးကိုကြည်၍ လှိုက်လှိုက်လှဲလှဲပြုံးရင်း လူငယ်အား`အေးပါကွာ …ငါဆိုလိုချင်တာလည်း အဲဒါပါပဲကွယ်..လူလေးရယ် ..ချမ်းလို့တုန်တာက ခန္ဓာဗေဒ ဇီဝကမ္မသဘောတရားကြောင့် …ပါ.ချစ်လို့တုန်တာက ဘာကြောင့် ထင်လဲလူလေး..မေတ္တာကြောင့်ကွယ် ..မေတ္တာကြောင့် .. ဒါကတော့ လက်တွေ့သိအောင် လူလေးကို ဥပမာပေးတာဆိုတော့ လူလေးအနေနဲ့ မေတ္တာကို ယုံကြည်သင့်ပြီ လူလေး´ဟု ပြောလိုက်ရာ လူငယ်သည် အဖိုးအိုအား တစ်လှည့် ဖိုးဝရုပ်လေးအားတစ်လှည့်ကြည့်ရင်း ထိုအဖိုးအို၏ အပြုံးသည် ဖိုးဝရုပ်၏ အပြုံးနှင့် အတော်တူညီသည်ဟု စိတ်ထဲမှာ မှတ်ချက်ချရင်း အဖိုးအိုအား …`အဖိုးပြောတော့လည်း ဟုတ်တာပါပဲ ..မေတ္တာတရားကို ကျွန်တော်ယုံကြည်ပါပြီ… ဒါပေမဲ့ ဘယ်လိုမေတ္တာထားရမှာလဲ ..အဖိုး´ဟုမေးလိုက်ရာ အဖိုးအိုက `ခုနက လူလေးသတ်လိုက်တဲ့ မြွေနဲ့ဖားကို ပဲကြည့်…အဲဒီအချိန်မှာ မြွေကမုဆိုးပေါ့ ..ဖားက သားကောင်.. ဒါပေမဲ့ လူလေးနဲ့တွေ့တဲ့အချိန်မှာ ကျတော့ လူလေးက မုဆိုးဖြစ်သွားပြီး .. မြွေကသားကောင် ဖြစ်သွားတယ်မဟုတ်လား…. တစ်ကယ်လို့မြွေနဲ့ဖားနေရာမှာ ကျားတစ်ကောင်နဲ့ သမင်တစ်ကောင် ဖြစ်နေရင်ကော လူလေးက ကျားကိုသတ်မှာလား… မတရားဘူးလို့ပြောအုံးမှာလား..အဲဒါတွေအားလုံးဟာ ကြီးနိုင်ငယ်ညှင်းသဘာဝတွေပေါ့… မေတ္တာတရားမရှိလို့ဖြစ်ရတာပေါ့ကွယ် …လောကမှာ မေတ္တာတရားမရှိရင် မတရားမှုက ကြီးစိုးတတ်တယ်ကွယ့်..´ဟု ပြောလိုက်ရာ လူငယ်သည် အဖိုးအိုအား ရိုသေလေးစားစွာကြည့်၍ `ဖားနဲ့မြွေလို အဖြစ်မျိုးတွေ ကြုံလာရင် ဘယ်လိုမေတ္တာတရားထားရမှာလဲ အဖိုး´ ဟု မေးလိုက်ရာ အဖိုးအိုက လေးနက်စွာဖြင့် … `ဖားကို ရှင်စေချင်လို့ မြွေကိုရိုက်ရင်လဲ သူ့အစာကို လုတဲ့သဘောပဲလေ ဒါကို မြွေဘက်ကြည့်ရင် မတရားမှုပဲပေါ့ ..ဖားသေရင် သေပါစေဆိုပြီး မြွေကိုဒီအတိုင်း ကြည့်နေပြန်ရင်လည်း ဖားဘက်ကြည့်ရင် မြွေက ကြီးနိုင်ငယ်ညှင်း မတရားမှုကို လုပ်တာပေါ့ကွယ် မြွေကသာ မေတ္တာတရားရှိရင် ဖားမသေဘူးပေါ့ .လူလေးသာမေတ္တာတရားရှိရင် ..မြွေလည်းမသေဘူးပေါ့ အခုတော့ မြွေရဲ့ အကုသိုလ်ကို လူလေးက ပခုံးထမ်းပြောင်းယူလိုက်သလို ဖြစ်သွားခဲ့ရတယ် ..တကယ်လို့ လူလေးသာ မေတ္တာတရားထားခဲ့ရင် အဲဒီ သတ္တ၀ါနှစ်ကောင်ကို ကြည့်ပြီး `မိတဲ့သူလည်း မိပါစေ…လွတ်တဲ့သူလည်း လွတ်ပါစေလို့ မေတ္တာပို့ခဲ့ရင် လူလေးမှာ အကုသိုလ် မဖြစ်တော့ဘူးပေါ့ ´ဟုပြောလိုက်ရာ လူငယ်က လေးနက်တည်ကြည်စွာဖြင့် ……. `ကျေးဇူးတင်ပါတယ် အဖိုး..လောကမှာ ဖားနဲ့မြွေလို အဖြစ်မျိုးတွေ အများကြီး ကြုံတွေ့ရရင်တောင် ကျွန်တော်ဘယ်လို မေတ္တာထားရမယ်ဆိုတာ နားလည်သွားပါပြီ အဖိုးရယ် ..တစ်ကယ့်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ခင်ဗျာ´ဟုပြောလိုက်လေ၏ ။ ထို့နောက် အဖိုးအိုသည် လူငယ်လေးအားကြည့်၍ စိတ်ထဲမှ အတွေးတစ်ခုကို တွေး၍ တစ်ရွေ့ရွေ့ တစ်လှမ်းချင်း မြို့ကလေးဆီသို့ ဦးတည်လျက်……ထိုအတွေးမှာ ``ကျေးဇူးတင်ပါတယ် လူကလေး…ငါဆယ်နှစ်ကျော်လောက် ရှာနေခဲ့တဲ့အပြုံးစစ်တစ်ခုဆိုတာ ဘာမှမသိသေးတဲ့ ကလေးငယ်တစ်ယောက်ဆီမှာရယ် …..အရာရာအားလုံးသိပြီးတဲ့ ဘုရားရှင်ဆီမှာရယ်ပဲရှိပြီး ..ဒို့လိုလူတွေအတွက် မရှိနိုင်တော့ဘူးလို့ ထင်ခဲ့တာ ..အခုတော့ ..မေတ္တာတရားပါတဲ့ လူလေးရဲ့ အပြုံးကလေးတစ်ခုက.. အပြုံးစစ်စစ်ဆိုတာ မေတ္တာတရားပါမှ ဆိုတဲ့သဘောကို သင်ယူခဲ့ရပြီ´ဟုဖြစ်လေ၏။ လူငယ်လေးသည် အဖိုးအိုထွက်သွားရာဆီသို့ အကြည့်များလိုက်ပါရင်း ထို့နေ့ကို အမှတ် တရဖြစ်စေရန် မိမိလက်မှ အပေါစားရေစိမ်ခံ နာရီလေးမှ ရက်၊ လ၊ နှစ်တို့ကို ကြည့်လိုက်၏။ ထိုနေ့မှာ ``၈ရက်၊ ဇွန်လ၊ ၂၀၁၂´´ပင်…..။ ။

No comments:

Post a Comment