Tuesday 27 November 2012


♠♠♠ ““ဗုဒ္ဓလမ်းညွှန်ခဲ့သော ဝေဖန်ပိုင်းခြား၊ စဉ်းစားဆင်ခြင် စကားဆိုခြင်း”” ♠♠♠


ဝေဖန် တွေးတောခြင်း (critical thinking) ဆိုတဲ့စကားရပ်ဟာ ၂၀ ရာစုနှောင်းပိုင်း ပညာသင်ကြားရေး မှာ တော်တော်
လေးပဲ ခေတ်စားလာခဲ့ပါ တယ်။ မြန်မာပြည်ထဲက ပုဂ္ဂလိက ကျောင်း တချို့ရဲ့ ကြော်ငြာတွေမှာ သူတို့ကျောင်းရဲ့ သင်ရိုး
အဖြစ် ထည့်သွင်းကြော်ငြာထားကြတာကို သတိထားမိခဲ့ပါတယ်။



ဒါပေမဲ့ အစိုးရကျောင်းသင်ရိုးနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကျမတို့အဖို့ ဒီသင်ကြား နည်းဟာ ဘယ်လိုမျိုးလဲဆိုတာ သိဖို့ ခဲယဉ်း
ခဲ့ပါတယ်။ ကံကောင်းထောက်မ စွာပဲ ၂၀၀၅ ခုနှစ်မှာ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဆရာများ အတတ်
ပညာ သင်တန်းမှာ ဒီသင်ကြားနည်း ကို ထိတွေ့ခွင့်ရခဲ့ပါတယ်။




‘ဝေဖန်ပိုင်းခြား စဉ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း’ (Reading, Writing and Critical Thinking) ဆိုတဲ့ RWCT
နည်းလမ်းတွေနဲ့ သင်ခန်းစာ လေ့လာနည်း တွေကို ဒေါက်တာ သိန်းလွင်က ကျမတို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။
ဝေဖန် စဉ်းစားခြင်းနဲ့ ထိတွေ့လေ့မရှိတဲ့ ကျမတို့ဟာ အစပိုင်းမှာတော့ စဉ်းစားတွေးတော ရတာတွေဟာ ခက်ခဲသလို
ရှိခဲ့ပေမဲ့ အလေ့အကျင့် ရလာချိန်မှာတော့ အင်မတန် ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ သင်ခန်းစာတွေဖြစ်ခဲ့ပြီး
တက်ကြွစွာ သင်ယူလိုကြတဲ့ စာသင်သားတွေ ဖြစ်ခဲ့ရပါတယ်။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနည်းလမ်းဟာ ဗုဒ္ဓဘုရားရှင်
အသုံးပြုခဲ့တဲ့ သင်ကြားနည်းဖြစ်ကြောင်း ဆရာ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။




"ဘုန်းတော်ကြီးက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသည် ဗုဒ္ဓ၏ သင်ကြားနည်း ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။
ကာလာမရွာသားများအား ဗုဒ္ဓဟောကြားသော တရားတွင် ဝေဖန်ပိုင်းခြား စဉ်းစားမှုရှိရန် ဆုံးမထားပါသည်။
“အစဉ်အလာရှိသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ မကြာခဏ ကြားနေရသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊
ဟောပြောသော ပုဂ္ဂိုလ်၏ အရှိန်အ၀ါကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဆရာသမားက ပြောသည်ဆိုသောကြောင့်
လည်း လက်ခံခြင်းမပြုနှင့်၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ လက်ခံရန်” ဟောကြားပါသည်။



ဒီအဆိုကိုဖတ်မိတော့ ရေးခြင်း ဖတ်ခြင်းသာမက စကားပြောခြင်းတွင်ပါ ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်တတ်ဖို့
လမ်းညွှန်သင်ကြားထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားမိလာပါတယ်။



မြတ်စွာဘုရားရှင်ဟာ စကားပြောဆိုခြင်းကို အလေးထားဟောကြားခဲ့ပါတယ်။ ကံသုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်တဲ့
ဝစီကံဟာ စောင့်ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ခါးဝတ်ပုဆိုးလို မြဲရမယ်ဆိုတဲ့ ငါးပါးသီလမှာ မုသားစကား
လိမ်ညာပြောဆိုခြင်းကို ရှောင်ကြဉ်ခိုင်းပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် ကျင့်ကြံရမဲ့ မဂ္ဂင်(၈)ပါး ကျင့်စဉ်
မှာလည်း သမ္မာဝါစာ ကောင်းသောစကားကို ဆိုပါလို့ သင်ကြားပေးခဲ့ပါတယ်။ မင်္ဂလာဖြစ်ကြောင်း တရား (၃၈)ဖြာ
မှာလည်း သုဘာသိသာစ ယာဝါစာ ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတရားဖြစ်တယ်လို့
ဟောကြားခဲ့ပါတယ်။




ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ (၁၀)ပါး မှာလည်း သစ္စာပါရမီ ကို အထူးပဲ ဖြည့်ကျင့်ခဲ့ပါတယ်။
ဆရာတော် ရှင်ဇနကာဘိဝံသ က သူ့ရဲ့ ဗုဒ္ဓ၀င် အမေးအဖြေ စာအုပ်မှာ သစ္စာပါရမီနဲ့ ပတ်သက်လို့ ‘လူတစ်ယောက်
ကိုဖြစ်စေ၊ အများကိုဖြစ်စေ အထင်မမှားအောင် မုသားလည်းမပြော၊ ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက်
ပြော၍၊ ပြောသည့် အတိုင်း ပြုလုပ်ခြင်းသည် သစ္စာပါရမီတည်း ’ လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။




ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားတွေကို (၆)မျိုးရှိတယ်လို့ ခွဲခြား ဆန်းစစ်ထားပါတယ်။

၁) မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
၂) မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
၃) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၎) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
၅) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၆) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ်။




နံပါတ်(၁) အမျိုးအစားကတော့ ပြည့်စုံတဲ့ စကားအမျိုးအစားပါ။


နံပါတ်(၂) အမျိုးအစားကတော့ မှန်ကန်တယ်၊ ပြောလိုက်တဲ့အတွက် အကျိုးတစုံတရာရှိမယ်။ ဒါပေမဲ့
နားထောင်ရတဲ့ သူကတော့မကြိုက်ပါဘူး။ ဥပမာဆိုရရင် မိဘက မလိမ္မာတဲ့ သားသမီးကို ဆုံးမတဲ့
စကားမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။



နံပါတ်(၃) အမျိုးအစားကတော့ မှန်ကန်၊ အကျိုးမရှိ၊ နားထောင်တဲ့သူတော့ ကြိုက်တယ်ဆိုတော့ ပေါ့(ပ်)သတင်း
စကားမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး မင်္ဂလာဆောင်တာ ဘယ်လို၊ ဘယ်လောက် ခမ်းနား
လိုက်တာ။ ဘယ်သူကတော့ ဘာဆိုလဲပေါ့။ ပြောသူ ကြားသူ အရသာရှိပေမဲ့ အကျိုးမရှိပါဘူး။



နံပါတ်(၄) က မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်တဲ့ သူ့အတင်း သူ့ကို တိုက်ရိုက် ပြန်ပြောမိတဲ့ စကားမျိုး ဖြစ်ပါ
လိမ့်မယ်။ အနာပေါ်တုတ်ကျ တဲ့စကားမျိုးသွားပြောမိရင် အကျိုးမရှိပဲ အရိုက်ခံ ရဖို့ ရှိနိုင်ပါတယ်။



နံပါတ်(၅) စကားက မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက် တဲ့စကားဆိုတာ လိမ်ညာ လှည့်စား တတ်သူတွေ
ပြောတတ်တဲ့စကားမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ ကြားရတဲ့သူက သဘောကျပြီး သူ့ အလိမ်အညာလှိုင်းထဲ မြောပါ
သွားတတ်ပါတယ်။



နံပါတ်(၆) ကတော့ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ ကြားသူလည်းမနှစ်သက် ဆိုတော့ ကောင်းတာ ဘာမှမရှိတော့
ပါဘူး။ အလေနသော၊ ဗလွတ်ရွှတ်တ၊ ပေါက်တတ်ကရ ဆိုတဲ့ စကားမျိုးဖြစ်ပါလိမ့်မယ်။



မြတ်စွာဘုရားက သည်စကားခြောက်မျိုးထဲမှာမှ ပထမ (၂ )မျိုးသည်သာ ပြောသင့်သောစကားဖြစ်ပြီး၊ ကျန်(၄)မျိုး
ကတော့ မပြောသင့်သော စကားများဖြစ်တယ်လို့ လမ်းညွှန်ဟောကြားခဲ့ပါတယ်။ မှန်လည်းမှန်၊ အကျိုးလည်းရှိမယ်
ဆိုရင်တော့ နားထောင်ရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ ပြောသင့်ပါတယ်တဲ့။



စကားဆိုခြင်းအတတ်ပညာဟာ အရေးကြီးလှပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်
အကျယ် ချုပ်က လွတ်ပြီးစ လူထုကို ပြောတဲ့စကားမှာ လူအချင်းချင်း နားလည်မှုရှိဖို့ အတွက် မိမိပြောတဲ့စကားကို
အခြားသူ သဘောပေါက် ဖို့ အသေအချာ အရေးကြီးပါတယ်တဲ့။



ဒါကြောင့် လူမှုဆက်ဆံရေးမှာ အရေးပါလှတဲ့ စကားပြောဆိုရာမှာ မြတ်စွာဘုရား ဟောကြား လမ်းညွှန်ခဲ့တဲ့ အတိုင်း
မိမိပြောဆိုမဲ့စကားကို ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ပြီးမှ ပြောကြမယ်ဆိုရင် အကျိုးများဖို့ ရှိကြောင်းပါ။





ဆောင်းပါးရှင် - ခင်လေးငယ်

No comments:

Post a Comment