Tuesday 6 November 2012

ပေတဥဒ္ဒိဿဒါန (မကျွတ်မလွတ်သေးသူ  ပြိတ္တာတို့အား ရည်မှန်း၍ ပြုလုပ်သော ဒါန ) အလှူအတန်းအား
သီတင်းကျွတ်လပြည့်နေ့ နှင့် အဖိတ်နေ့များတွင်
မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား၌ ကုသိုလ်ပြု ဆောင်ရွက်လျှက် ရှိကြပါသည်။
ပေတဥဒ္ဒိဿဒါန ဟူသည်မှာ  သံသရာတစ်ကွေ့တွင် ကျွန်ုပ်တို့၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီး၊ ညီအစ်ကိုမောင်နှမ စသည်ဖြင့်
အမျိုးမျိုးတော်စပ်ခဲ့သူများအပါအ၀င် မကျွတ်မလွတ်သေးသူအားလုံးတို့အား ရည်ရွယ်၍ လှူဒါန်းခြင်းကို ဆိုလိုပါသည်။
မကျွတ်မလွတ်သေးသူ  ပြိတ္တာတို့အား ရည်မှန်း၍ ပြုလုပ်သော  ပေတဥဒ္ဒိဿ ဒါနသည် ဘုရားရှင် လက်ထက်တော်ကပင် ရှိနေခဲ့ပါသည်။
မကျွတ်မလွတ်သေးသူ ပေတ(ပြိတ္တာ)များအား အရှင်မဟာသာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် စသည့်
လက်ဝဲရံ၊ လက်ျာရံ မထေရ်မြတ်များပင် တွေ့ဆုံခဲ့ဘူးပါသည်။
အခါတစ်ပါးတွင် ဗိမ္ဗိသာရမင်းကြီး၏ နန်းတော်တွင်း ကြောက်မက်ဖွယ်ရာ ခြောက်လှန့်မှုများ ဖြစ်ပေါ်ခဲ့သဖြင့်
မင်းကြီးသည် မြတ်စွာ ဘုရားရှင်ထံ တောင်းပန်လျှောက်ထားခဲ့ကြောင်း....၊
မြတ်စွာဘုရားရှင်က `` လွန်ခဲ့သော (၉၂)ကမ္ဘာမြောက်  ဖုဿဘုရားရှင်လက်ထက်တွင်  သင်မင်းကြီးနှင့် ဆွေမျိုးတော်စပ်ခဲ့ဘူးသူများသည်
မြတ်စွာဘုရားရှင်အား ရည်စူးလှူဒါန်းခဲ့သော အလှူပစ္စည်း အလွဲသုံးစား လုပ်ခဲ့ခြင်းတည်းဟူသော အကုသိုလ်ကံကြောင့် ငရဲသို့ကျရောက်ခဲ့ကြောင်း...၊
ငရဲမှ လွတ်သော်  ပြိတ္တာဖြစ်နေကြကြောင်း....။  မင်းကြီး၏အလှူတွင် ၄င်းတို့အား သီးသန့် အမျှအတန်းပေးဝေခြင်းမရှိသဖြင့် ကျွတ်လွတ်ခွင့်မရကြောင်း...၊
ထိုပြိတ္တာတို့အား သင်မင်းကြီးအမျှဝေမှသာ ကျွတ်တမ်းဝင်ခွင့်ရမည်ဖြစ်ကြောင်း.... သင်မင်းကြီး ကုသိုလ်ပြုပြီး အမျှဝေပေးပါ´´ ဟု မိန့်တော်မူခဲ့ကြောင်း.... 
ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင်၏ အဆုံးအမဖြင့် အလှူအတန်းပြု အမျှဝေသဖြင့် (၉၂)ကမ္ဘာက ဆွေမျိုးတောစပ်သူ ပြိတ္တာများ ကျွတ်လွတ်သွားခဲ့ကြောင်း...
နာကြားခဲ့ဖူးပါသည်။


ယခုခေတ်အခါတွင်လည်း ဆွေမျိုးပြိတ္တာများကိုသာမဟုတ် ပြိတ္တာများအားလုံးကို ရည်ရွယ်၍
တိပိဋက မင်းကွန်းဆရာ တော်ဘုရားကြီးသည် ကြံတောသုသာန်တွင် မကျွတ်မလွတ်ဘဲ ရှိကြကုန်သော ပေတ(ပြိတ္တာ)များအတွက်
ပေတဥဒ္ဒိဿဒါန (အကျွတ်အလွတ်ပွဲ)ကို ၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ပြုလုပ်သွားကြောင်းကိုလည်း လေ့လာတွေ့ရှိခဲ့ရပါသည်။

ပေတ(ပြိတ္တာ)ဆိုသည်မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးဘုံ၌ ပါဝင်သည်။
လူတို့ ပြောနေကြသော သရဲ၊ တစ္ဆေ၊ မှင်စာ၊ သဘက်၊ ဖုတ်၊ ကျတ်၊ ဥစ္စာစောင့်၊ ရုက္ခစိုး၊ စုန်း၊ ဘီလူး စသည်တို့မှာ အားလုံး ပေတခေါ် ပြိတ္တာများ ဖြစ်ကြသည်။
ပြိတ္တာတို့၏ဘုံသည် ငရဲကြီးရှစ်ထပ်တို့အထက် လူ့ပတ်ဝန်းကျင်၌ ရှိ၏။ ယင်းတို့နေရာဘုံမှာ
တော၊ တောင်၊ မြစ်၊ ချောင်း၊ သုသာန်၊ သစ်ပင်၊ လိုဏ်ခေါင်း၊ ကျောင်းပျက် အိမ်အို၊ ဥယျာဉ် စသည်တို့၌ နေထိုင်ကြသည်။
လူတို့သည် သေလွန်ပြီးနောက် ပြိတ္တာ ဖြစ်ကြရခြင်းအကြောင်းမှာ လူ့ဘဝ လူ့ လောက၌ အကြင်သူတို့ သည် -
ဥစ္စာစွဲ၊ သားမယားစွဲတို့ဖြင့် သေလွန်သူများ။
ငြူစူခြင်း၊ ဝန်တို မစ္ဆရိယနှင့် သေလွန်သူမျာ။၊
မိမိကိုယ်တိုင် ပေးကမ်းလှူဒါန်းခြင်း မရှိသူများ
သူတစ်ပါးတို့ ပေးကမ်းလှူဒါန်းသည်ကို တားမြစ်အန္တရာယ်ပြုသူများ။
ထိုသူတို့သည် ပြိတ္တာဘုံ၌ ဖြစ်ကြရလေသည်။
ပြိတ္တာဘုံသို့ ကျရောက်သွားသူတို့မှ အမြဲမပြတ် အစာရေစာငတ်ပြတ်၍ နေနေကြ ရသည်။ သူတို့၏ အကုသိုလ် ဂရုံကံ၊ လဟုကံကို လိုက်၍
အနှစ်တစ်ရာ၊ အနှစ်တစ် ထောင်၊ အနှစ်တစ်သောင်း၊ အနှစ်တစ်သိန်းတို့ ကာလပတ်လုံးလည်းကောင်း၊
ဘုရားတစ် ဆူနှင့် တစ်ဆူကြား၊ ဘုရားတစ်ဆူ၊ နှစ်ဆူ၊ သုံးဆူကြား၊ လေးဆူကြား စသည်ဖြင့် အကုသိုလ်ကံ၏ အလေးအပေါ့ပေါ်တွင် ဝဋ်ခံကြရသည်။
ပြိတ္တာဘုံတို့သည် အမျိုးအစားအားဖြင့် များစွာ ရှိကုန်ကြသည်။
လေ့လာရန်- HAZY LIFE   ဘလော့...
ပေတ(ပြိတ္တာ)များနှင့် ပတ်သက်သော သိသင့် သိထိုက်သည်များအား အသေးစိတ် သိလိုပါက  အောက်ပါ E Book လေးမှာ လေ့လာနိုင်ကြပါတယ်....။
တကယ်တော့ ပေတ(ပြိတ္တာ)များသည် ကြောက်လန့်ဖွယ်ရာ မကောင်းဆိုးရွားများ မဟုတ်ကြပါ......။
ပြုခဲ့သမျှ အကုသိုလ်ကံတို့၏ အကျိုးဆက်အဖြစ် ၀ဋ်ရှိသမျှ ပြန်လည်ပေးဆပ်၍ ကြောက်လန့်ဖွယ်ရာ ဒုက္ခများကို ခံစားနေကြရသူများသာဖြစ်ပါသည်။
ထိုသူတို့သည် သံသရာတစ်ကွေ့တွင် ကျွန်ုပ်တို့၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီး၊ ညီအစ်ကိုမောင်နှမ စသည်ဖြင့် အမျိုးမျိုးတော်စပ်ခဲ့သူများသာ ဖြစ်ကြပါသည်။
ဘုရားဟော တရားတော်များတွင် ကုသိုလ် အကုသိုလ်တို့၏ စီမံမှုများအား လေ့လာနာကြား၍ မကုန်နိုင်အောင်ပင် ဟောကြားတော်မူခဲ့ပြီး ဖြစ်သလို
သံဃာတော် အရှင်သူမြတ်များအနေဖြင့်လည်း မပြတ်မလပ် ဟောကြေား ဆုံးမတော်မူလျှက် ရှိပါသည်....။
ဗုဒ္ဓဘာသာဝင်များ ပီပီ ကံ၊ ကံ၏အကျိုး (ကာယကံ၊ ၀စီကံ၊ မနောကံ) ဟူသော စစ်မှန်သည့် ဗုဒ္ဓ အယူအဆမှတစ်ပါး
အခြားသော အတွေးအခေါ်များမှ ကင်းရှင်းနိုင်ကြပါစေကြောင်းနှင့် အကုသိုလ်တရား၏ စေစားရာတွင် နစ်မြုပ်ဒုက္ခရောက်နေကြသော
ပေတ(ခ) ပြိတ္တာများအားလည်း ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ဖြင့် အမျှအတန်း ပေးဝေနိုင်ကြပါစေကြောင်းခင်ဗျာ....
(ကွန်ဆူးမား)(၆-၁၁-၂၀၁၂)

No comments:

Post a Comment