Tuesday 6 November 2012

photoshop ကိုမြန်မာလိုလေ့လာမည်

Photoshop Essential Knowledge

Adobe Photoshop ကို အသုံးပြုတဲ့အခါ မသိမဖြစ်သိထားရမယ့် အကြောင်းအရာတွေပါ။ ဒီအကြောင်းအရာတွေကို မသိဘဲနဲ့ Photoshop ကိုဖွင့်ပြီး ဟိုဟာကဒီလိုလုပ်၊ ဒီဟာက ဒီလိုလုပ်ဆိုပြီး သင်လိုက်ရင် အချို့အကြောင်းအရာတွေမှာ နားလည်သလိုလိုနဲ့ လုပ်တတ်သလိုလိုရှိပေမယ့် တကယ်တမ်းလုပ်ငန်းခွင်ဝင်တဲ့အခါတို့မှာ အခက်အခဲတွေ့တတ်လို့ပါ။ တစ်ချို့ကြတော့လည်း အလွတ်ကျက်ပြီး လုပ်သလိုဖြစ်နေတတ်ပါတယ်။ ဥပမာ- Resolution ဆို 300 ထား၊ Color ဆို RGB ထား၊ ဖိုင်းသိမ်းရင် .psd နဲ့သိမ်းဆိုပြီး Resolution ဆိုတာ ဘာမှန်းမသိ၊ Color Mode တွေအကြောင်းနားမလည်၊ File Format တွေအကြောင်း Knowledge မရှိရင် တကယ်တမ်း အလုပ်လုပ်တဲ့အခါ အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲအသုံးချ လုပ်ကိုင်နိုင်မှာမဟုတ်ပါဘူး။

Bitmap Vs Vector
Computer မှာ Graphic အပိုင်းတွေကို ပြုလုပ်အသုံးချတဲ့ Software မှာ တစ်ချို့ဟာ Pixel လို့ခေါ်တဲ့ လေးထောင့်တုံးလေးတွေနဲ့ ပုံဖေါ်တဲ့ Bitmap Image တွေကို အခြေခံအသုံးပြုပြီးတော့၊ တစ်ချို့ Software တွေမှာတော့ သချာင်္ပုံသေနည်းတွေနဲ့ တွက်ချက်ပုံဖေါ်တဲ့ Vector Image တွေကို အသုံးပြုကြပါတယ်။
Bitmap နည်းပညာနဲ့ ပြုလုပ် ရေးဆွဲထားတဲ့ ပုံတွေကို အကြီးချဲ့ကြည့်ရင် Pixel လေးထောင့်တုံးလေးတွေအဖြစ် မြင်ရပြီးတော့ Image ဟာ ပုံဝါးသွားပါတယ်။ Vector နည်းပညာနဲ့ ပြုလုပ်ထားတဲ့ Image တွေကတော့ ဘယ်လောက်ချဲ့ချဲ့ ပုံကမှုန်ဝါးသွားခြင်းမရှိပဲနဲ့ Pixel တွေကိုလည်း တွေ့ရမှာ မဟုတ်ပါဘူး။ Adobe Photoshop ဟာတော့ Bitmap Image နည်းပညာကို အခြေခံတဲ့ Software ပါ။ Vector နည်းပညာ အခြေခံတဲ့ Software ဆိုရင်တော့ Adobe Illustrator တို့၊ Corel Draw တို့လို Software တွေပါ။ အောက်မှာတော့ Bitmap Image နဲ့ Vector Image တွေကို နှိုင်းယှဉ်ပြထားပေးပါတယ်။



ပုံမှာပြထားတဲ့ ဘယ်ဘက်ခြမ်းက ပုံတွေဟာ Bitmap Image ဖြစ်ပြီး၊ ပုံသေးနေတဲ့အခါ မသိသာပေမယ့် အရမ်းချဲ့ကြည့်လိုက်ရင် လေးထောင့် Pixel တုံးလေးတွေကို တွေ့ရမှာပါ။ ညာဘက်ခြမ်းက Vector ပုံတွေကတော့ ချဲ့ပြီးကြည့်လိုက်ရင်လည်း ပုံဝါးမသွားပါဘူး။

Image Resolution
Photoshop ဟာ Bitmap Image လို့ခေါ်တဲ့ Pixel တုံးလေးတွေနဲ့ အဓိက ပုံဖေါ်လုပ်ကိုင်နေတယ်ဆိုတာ သိပြီဆိုတော့ ဒီ Pixel တုံးလေးတွေနဲ့ ပုံဖေါ်ပြီးဖြစ်လာတဲ့ Image ပုံလေးတွေ ကောင်းမွန်ဖို့ဆိုတာ သူတို့ ဘယ်လိုပုံဖော်ပေးမှ ပိုကော်ငးမယ်ဆိုတာလည်း သိထားသင့်ပါတယ်။ Pixel လေးတွေ ပုံဖော်ရင် ဘယ်လိုအခြေအနေမှာ ပိုကောင်းသလဲဆိုတော့ ပုံတစ်ပုံကို ဖော်ပြတဲ့ Pixel တုံးလေးတွေ အရေအတွက်များလေ ပုံဖော်နိုင်တဲ့စွမ်းရည် ကောင်းလေပါပဲ။ ဘာကြောင့်လဲဆိုတော့ Pixel တုံးလေးတစ်တုံးဟာ အရောင်တစ်ရောင်ပဲ ဖော်ပြနိုင်လို့ပါပဲ။
အဲ့ဒီပုံဖော်တဲ့စွမ်းရည်ကိုတော့ Resolution လို့ခေါ်ပါတယ်။ ဒီတော့ Image ပုံတွေရဲ့ အရေအသွေးဆိုတာ အဲ့ဒီ Resolution ကောင်းမကောင်းပေါ်မူတည်နေတာပေါ့။ Digital Image ပုံတစ်ပုံမှာ Resolution ကောင်းလေလေ အဲ့ဒီပုံကို ပိုပြီး အသေးစိတ်ဖော်ပြနိုင်လေပဲပေါ့။

Pixel Resolution
Image ပုံတွေကို လေးထောင့်တုံး Pixel လေးတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောတဲ့အတွက် Pixel အရေအတွက်များလေလေ Image ပုံက ပိုကောင်းလေလေပဲပေါ့။ အဲ့ဒီ Pixel တွေကို ရေတွက်ဖို့အတွက် သူတို့တွေ ဘယ်လိုဖွဲ့စည်းပုံဖေါ်ထားလည်း၊ Pixel များတဲ့ပုံဟာ ဘာကြောင့်ပိုကောင်းတာလည်းဆိုတာ အဖြေထုတ်ကြည့်ရအောင်။
ကျွန်တော်တို့ အခု ပုံ(၃)ပုံဆွဲကြည့်ပါမယ်။ တစ်လက်မပတ်လည် အရွယ်အစားရှိတဲ့ 0 ဆိုတာလေးကို ဆွဲကြည့်ပါမယ်။ ပုံ(၃) ပုံစလုံးက တစ်လက်မပတ်လည် အရွယ်ရှိပေမယ့် အဲ့ဒီ တစ်လက်မပတ်လည်ပုံမှာ ပုံဖေါ်ထားတဲ့ Pixel အရေအတွက်ချင်း မတူပါဘူး။ တစ်ပုံကိုတော့ အလျားလိုက် ၅ကွက်နဲ့ ဒေါင်လိုက် ၅ကွက်စီ ရှိတဲ့ ပေါ်မှာဆွဲပါမယ်။ 5x5 ပေါ့။ နောက်တစ်ပုံကိုတော့ 10x10 နဲ့ 30x30 pixel အရေအသွေးတွေနဲ့ ဆွဲကြည့်ပါမယ်။ အောက်မှာပြထားတဲ့ပုံတွေကိုကြည့်ပါ။ 0 ဆိုတဲ့ပုံကိုပဲ 5x5, 10x10,30x30 ဆိုပြီးတော့ Pixel အရေအတွက် အမျိုးမျိုးနဲ့ဆွဲပြထားပါတယ်။ အရွယ်အစားကတော့ ၁ လက်မစီပဲ ရှိပါတယ်။



အရွယ်အစားကတော့ 1'' ပတ်လည်ဆိုပေမယ့် 0 ချင်းကတော့ မတူပါဘူး။ ပုံထွက်အရေအသွေး ကွာပါတယ်။ 5x5 မှာ pixel နည်းတဲ့အတွက် 0 ဟာ ပုံသိပ်မပေါ်ပါဘူး။ ပုံဖော်စွမ်းရည်မကောင်ပါဘူး။ ပုံထွက်မကောင်းဘူးပေါ့။
10x10 မှာတော့ နည်းနည်းပိုကောင်းလာပါတယ်။ ဒါပေမယ့် Pixel နည်းနေတဲ့အတွက် ပုံကို အသေစိတ်မပြသနိုင်သေးပါဘူး။ 30x30 မှာတော့ ပိုပြီး ပီပြင်လာပါပြီး။ ဒီထက်များလာရင် ပိုပြီးတော့ ကောင်းလာမှာပါ။ နောက်တစ်ပုံကြည့်ရအောင် ဒီတစ်ခါတော့ R ဆိုတဲ့ စာလုံးရေးထားပါတယ်။ 1x1 ကနေ 300x300 အထိနှိုင်းယှဉ်ပြသထားပါတယ်။


ဒါကြောင့် Pixel အရေအတွက်များလေလေ ပုံဖော်စွမ်းရည် Resolution ကောင်းပြီး ပုံကို အသေးစိပ် ပိုပြီးဖော်နိုင်လေပဲပေါ့။ တစ်နည်းအားဖြင့် ပုံထွက်ပိုကောင်းလေပဲပေါ့။ ဒါဆို Resolution ကိုများများထားလေ ကောင်းလေပဲပေါ့လို့ ထင်စရာရှိတယ်။ Resolution များများထားရင် ပုံက ပိုကြည့်လို့ကောင်းပေမယ့် များလွန်းရင်လည်း မကောင်းဘူးဗျ။ ပုံထွက်မကောင်းတာတော့ မဟုတ်ဘူး။ ပုံထွက်ကတော့ ကောင်းပေမယ့် Resolution အရမ်းများတဲ့ Image တွေအတွက်ဆိုရင် ရှေ့မှာပြောခဲ့သလို Photoshop နဲ့အလုပ်လုပ်ရင် Computer Memory (RAM) မှာလည်း နေရာယူမှုပိုများတယ်။ သိမ်းတဲ့အခါလည်း Disk Space တွေပိုများမယ်ပေါ့။ အလုပ်လုပ်ရတာလည်း ပိုကြာတာပေါ့။ ဒါ့အပြင် ကိုယ်က Photoshop နဲ့အလုပ်လုပ်တဲ့ ပုံကို ပြင်ပမှာကြည့်ရှုနိုင်ဖို့ စက္ကူပေါ်မှာ ထုတ်တော့မယ်ပေါ့။ အဲ့ဒီအခါ ကိုယ်က ဘယ်လောက် Resolution မြှင့်ထားသော်ငြားလည်း တကယ်တမ်းထွက်လာတဲ့အခါ အပြင်မှာ အခြားမြင်တွေ့နေရတဲ့ပုံတွေနဲ့ ကွာခြားမှု သိပ်မရှိပါဘူး။ ဟင် ဒါဆိုဘာကြောင့်လဲလို့မေးရင် ကျွန်တော်တို့တွေ လက်ရှိအသုံးပြုနေတဲ့ Printer တွေလို Printed Media တွေဟာ ပုံဖေါ်ပေးနိုင်စွမ်းရည် အကန့်အသတ်တွေ ရှိပါတယ်။


Dots Per Inch (DPI)
Dots Per Inch (dpi) လို့ခေါ်တဲ့ တစ်လက်မမှာ ပုံဖော်ပေးနိုင်တဲ့ အစက်အပျောက် အရေအတွက်တွေဟာ Printer တွေမှာ အကန့်အသတ်ရှိပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက ကျွန်တော်တို့တွေ အသုံးပြုခဲ့ကြတဲ့ ink ribbon တွေကို အသုံးပြုလုပ်ဆောင်တဲ့ dot matrix printer တွေဟာ 60dpi ကနေ 90dpi လောက် အရေအသွေးထိပဲ ပုံဖော်ပေးနိုင်ပါတယ်။ လက်ရှိ ယနေ့ အချိန်ထိတွင် ကျယ်စွာအသုံးပြုနေသေးတဲ့ Nozzles တွေအသုံးပြုပြီး ဆေးဖြန်းပေးတဲ့ Inkjet Printer တွေဟာတော့ အရေအသွေး 300dpi ကနေ 600dpi လောက်အထိပဲရပါတယ်။ Toner တွေကိုအသုံးပြုတဲ့ Laser Printer တွေမှာတော့ 600dpi ကနေ 1800dpi လောက်အထိသာရပါတယ်။ ဒါကြောင့် ကိုယ်ကဘယ်လောက်ပဲ Resolution မြှင့်ထားပေမယ့်၊ 50000 လောက်အထိပဲ မြှင့်ထားပေါ့ဗျာ. (Resolution 50000 ဆိုတာ Photoshop CS5 မှာ မြှင့်နိုင်တဲ့အဆုံးပေါ့။ စမ်းကြည့်ချင်တယ်ဆိုရင်လည်း 1x1 အရွယ်လောက်ကိုပဲ Image အသစ် ခေါ်ကြည့်ရင်တောင် 6GB နဲ့အထက်ရှိတာမို့ ကိုယ့်ကွန်ပျူတာမှာ RAM 8GB လောက်တော့ တပ်ထားမှရမှာပါ။)

အခုနစကား ဆက်ပြောရရင် Resolution ကိုမြှင့်ထားပေးမယ့် ပုံထွက်အရေအသွေးဆိုတာ၊ ကိုယ်ထုတ်မယ့် Printer က ထုတ်ပေးနိုင်မယ့် ပုံနှိပ်အရေအသွေးအပေါ်လည်း မူတည်နေပါတယ်။ ဒါဆိုရင် Resolution ကို ဘယ်လောက်ထားတာ အသင့်တော်ဆုံးလဲပေါ့။
လက်ရှိအနေနဲ့ Office Standard အနေနဲ့ကော Printing Media တွေမှာ အများဆုံးသုံးကြတာကတော့ 300dpi မှာ စာဖတ်သူအပြင်မှတွေ့နေရတဲ့ စာအုပ်တွေပေါ်က ရုပ်ပုံတွေ တော်တော်များများကလည်း 300dpi နဲ့ ပုံနှိပ်ထားတာပါ။ 300dpi ကိုတော့ လက်ရှိ Printer တွေ၊ ဓါတ်ပုံထုတ်တဲ့စက်တွေ အားလုံးလိုလိုကလည်း လက်ခံပြီး ထုတ်ပေးနိုင်ပါတယ်။ ချွင်းချက်အနေနဲ့ အခုနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ တွင်ကျယ်စွာအသုံးပြုနေကြတဲ့ ဗွီနိုင်း(Vinyl) ပုံတွေထုတ်တဲ့စက်တွေမှာ တော့ 72dpi ၀န်းကျင်ကိုသာ အသုံးများပါတယ်။
ပုံမှန် ဒီဇိုင်းဆွဲမယ်ဆိုရင် Resolution ကို 300 နဲ့ ထားသင့်ပြီး Vinyl ထုတ်ဖို့လိုကိစ္စတွေမှာတော့ 72 လောက်ထားသင့်ပါတယ်။ ဒီလောက်ဆိုရင်တော့ Photoshop အတွက် Resolution နဲ့ပါတ်သက်တဲ့ Knowledge ကလုံလောက်နေပါပြီ။

အခုဆက်ပြောမှာက ရှေ့မှာပြောနေတဲ့ Pixel တွေ၊ Resolution တွေဆိုတာ Computer တွေ၊ Printer တွေမှမဟုတ်ဘူးဗျ။ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ အခြား Digital အသုံးအဆောင်တွေမှာလည်း တိုင်းတာ အသုံးပြုကြတယ်။ ဘယ်လိုတိုင်းတာ တွက်ချက်လည်းဆိုတာ ပြောပြပါမယ်။
ကျွန်တော်တို့ ပုံတစ်ပုံမှာရှိတဲ့ Pixel အရေအတွက်တွေကို သိချင်ရင် အလျားနဲ့အနံ အတိုင်းအတာတွေကို တစ်လက်မရှိတဲ့ Pixel အရေအသွေးတွေနဲ့ မြှောက်ပါတယ်။
ဥပမာ - 4x6 လက်မအရွယ် Image မှာ Pixel အရေအသွေး 72 နဲ့ဆိုရင် အလျား 4’’x72=288 နဲ့ အနံက 6’’x72=432 ရှိပါတယ်။ ဒီတော့ 288x432 ပေါ့။ စုစုပေါင်းဆိုရင်တော့ 228x432=124416 pixels ရှိတာပေါ့။ တကယ်လို့ အလျားနဲ့ အနံ 2048x1536 အရေအသွေးရှိတဲ့ ပုံဆိုရင် 2048x1536=3,145,728 pixels ရှိပါတယ်။ Pixel ပေါင်း ၃ သန်းကျော်ရှိတာပေါ့။ 3.1 megapixels ရှိတယ်လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ Megapixels ဆိုတဲ့အတိုင်းအတာအသုံးအနှုန်းကိုတော့ Digital Camera တွေရဲ့ ပုံဖော်နိုင်စွမ်းတွေမှာ သုံးကြပါတယ်။

ဥပမာ - ဒီကင်မရာက 3.1 Megapixels (3.1 MP) ရှိတယ်၊ 5 MP, 8 MP, 14 MP, 16 MP ရှိတယ် စသဖြင့် သုံးနှုန်းကြပါတယ်။ ဒီ MP ဆိုတဲ့ အသုံးအနှုန်းကို စာဖတ်သူအနေနဲ့ Digital Camera တွေမှာသာ ကြားဖူးရုံမက အခုကျွန်တော်တို့ဆီမှာ ခေတ်စားလာတဲ့ Mobile Phone Handset တွေမှာလည်း ဒီဖုန်းကင်မရာ ကတော့ 2MP ပဲရှိတယ်၊ 3MP ရှိတယ်၊ 5MP ရှိတယ်၊ 8 MP တောင်ရှိတယ် စသဖြင့် ဖုန်းဝယ်တဲ့အခါ ကြားဖူးကြမှာပါ။

အခုစာဖတ်သူတွေအနေနဲ့ နေ့စဉ်အသုံးပြုနေတဲ့ Digital အသုံးအဆောင်တွေမှာလည်း ဒီ Pixels တွေ၊ Resolution တွေနဲ့ မကင်းပါဘူး။ ဘယ်အရာတွေလည်းဆိုရင်တော့ Video အရေအသွေးတွေ၊ Monitor တွေ၊ TV တွေရဲ့ ပုံထွက်အရည်အသွေးတွေပေါ့။
အဲဒါတွေကို တိုင်းတာရင်တော့ အလျားလိုက် Pixel x ဒေါင်လိုက် Pixel တွေနဲ့ ပြပါတယ်။ Video CD (VCD) တွေဆိုရင် 352x240 နဲ့ ကြည့်ရှု့နိုင်ပြီး၊ DVD တွေကတော့ 720x480, HD DVD တွေ၊ Blu-ray တွေကတော့ 1280x720, 1920x1080 အထိရပါတယ်။ ခုနောက်ပိုင်း 4K Digital Cinema တွေမှာတော့ 4096x2160 နဲ့ UHDTV မှာတော့ 7680x4320 အထိရပါတယ်။ ဒီလိုဖုန်းတွေမှာလည်း 1280x720 Pixel Resolution တို့ 720p တို့စသဖြင့် Phone Display Screen ရဲ့ အရည်အသွေးကို ဖော်ပြကြပါတယ်။


Color Theory
စာဖတ်သူတွေအနေနဲ့ Photoshop နဲ့ Graphic Design ပညာရပ်တွေကို လေ့လာမယ်ဆိုရင် Color တွေအကြောင်းတော့ အနည်းအကျဉ်းသိထားရပါမယ်။ ဒါမှသာ Photoshop ကို လက်တွေ့လေ့လာတဲ့အခါ အခက်အခဲမရှိ လေ့လာနိုင်မှာဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ Photoshop သုံးတော့မယ်ဆိုရင် သိထားရမှာက အရောင်တွေရောစပ်ပုံပါ။
Color ရောစပ်ပုံကို ကြည့်မယ်ဆိုရင် CMYK နဲ့ RGB ဆိုတဲ့ နှစ်မျိုးကိုတော့ သိထားရပါမယ်။ CMYK ကိုတော့ Subtractive Color လို့ခေါ်ပါတယ်။ RGB ကိုတော့ Additive Color လို့ခေါ်ပါတယ်။

CMYK
CMYK ဆိုတာကတော့ Cyan-Magenta-Yellow-Black ဆိုတဲ့ အခြေခံအရောင်လေးမျိုးနဲ့ အရောင်တွေကို ရောစပ်ဖန်တီးခြင်းဖြစ်ပြီး၊ အဲ့ဒီ Color တွေရဲ့ ထိပ်ဆုံးစကားလုံး C=Cyan, M=Magenta, Y=Yellow တို့ကို ယူထားခြင်းဖြစ်ပြီး၊ K=Black ကတော့ B လို့ပေးလိုက်ရင် Blue နဲ့မှားမှာစိုးလို့ နောက်ဆုံးစကားလုံး K ကိုယူထားတာပါ။ CMYK ဟာ ဆေးရောင်မှင် (ink) တွေကို ရောစပ်ပြီး Color မျိုးစုံ ဖန်တီးပြုလုပ်တာပါ။ အစပထမမှာတော့ အဖြူရောင်မှာ Color တွေထည့်သွင်းစတင်ပြုလုပ်ခြင်းဖြစ်ပြီး အရောင်တွေအားလုံးရောသွားရင်တော့ အနက် (အမဲ) ရောင်ထွက်လာပါတယ်။ အောက်မှာ ပုံလေးဆွဲပြီးပြထားပါတယ်။ Cyan ဆိုတဲ့ စိမ်းပြာရောင်၊ Magenta ဆိုတဲ့ ပန်းခရမ်းရောင် နှစ်ခုပေါင်းရင် အပြာထွက်လာတယ်၊ အဲဒီကနေမှ တစ်ခြားဘက်ကထွက်လာတဲ့ အစိမ်းတွေ၊ အနီတွေနဲ့ ပေါင်းပြီး နောက်ဆုံး အနက်(အမဲ)ရောင်ဖြစ်သွားပါတယ်။


RGB
RGB ဆိုတာကတော့ R=Red, G=Green, B=Blue ဆိုတဲ့ အခြေခံအရောင်သုံးမျိုးနဲ့ အရောင်တွေကို ရောစပ်ဖန်တီးခြင်းဖြစ်ပြီး၊ အဲ့ဒီ Color တွေရဲ့ ထိပ်ဆုံးစကားလုံး R G B တို့ကို ယူထားခြင်းဖြစ်ပါတယ်။
RGB ဟာ အလင်းရောင်စင် (Light) တွေကို ရောစပ်ပြီး Color မျိုးစုံဖန်တီးပြုလုပ်တာပါ။ အစ ပထမမှာတော့ အနက်(အမဲ)ရောင်မှာ ကာလာတွေထည့်သွင်း စတင်ပြုလုပ်ခြင်းဖြစ်ပြီး အရောင်တွေ အားလုံးရောသွားရင်တော့ အဖြူရောင်ထွက်လာပါတယ်။ အောက်မှာ ပုံလေးဆွဲပြီးပြထားပါတယ်။ Red ဆိုတဲ့အနီရောင်နဲ့ Green ဆိုတဲ့ အစိမ်းရောင်ပေါင်းပြီး အ၀ါရောင်ထွက်လာပါတယ်။ အဲဒီအ၀ါနဲ့ အခြားဘက်က ပေါင်းပြီးဖြစ်လာတဲ့ စိမ်းပြာနဲ့ ပန်းခရမ်းရောင်တွေနဲ့ပေါင်းပြီး နောက်ဆုံး အဖြူရောင်ဖြစ်လာပါတယ်။


Light နဲ့ဖန်တီးတဲ့ RGB စနစ်ကိုတော့ Monitor Display တွေမှာ အသုံးပြုပြီး၊ မှင်ရောစပ်ပုံလို Ink နဲ့ ဖန်တီးထားတဲ့ CMYK Color စနစ်ကိုတော့ ပုံနှိပ်လုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ အောက်မှာပြထားတဲ့ အရောင်စက်ဝိုင်းမှာဆိုရင် ဘယ်ဘက်ခြမ်းက အ၀ါတွေ၊ အနီတွေ၊ လိမ္မော်တွေကိုတော့ Warm Color (Active) လို့ခေါ်ကြပါတယ်။ ညာဘက်ခြမ်းမှာရှိတဲ့ ခရမ်း၊ စိမ်းပြာ၊ အပြာ စတာတွေကိုတော့ Cool Color (Passive) လို့ခေါ်ပါတယ်။

Color Type
Color Type မှာရှိတဲ့ Color တွေထဲကမှ ဘယ်ဘက် ထောင့်ဆုံးပုံလေးမှာ ထင်းနေအောင်ပြထားတဲ့ အနီ၊ အ၀ါ၊ အပြာတို့ကိုတော့ Primary Color မူလရောင်လို့ ခေါ်ပါတယ်။ Primary Color တွေကြား အလယ်တည့်တည့်မှာရှိတဲ့ လိမ္မော်ရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်တွေကိုတော့ Secondary Color လို့ခေါ်ပါတယ်။

Primary နဲ့ Secondary ကြားအရောင်တွေကိုတော့ Tertiary Color လို့ခေါ်ပါတယ်။ Color Wheel မှာ မျက်နှာချင်းဆိုင်နေတဲ့ အနီနဲ့ အစိမ်းလို အရောင်တွေကိုတော့ Complementary Color လို့ခေါ်ပါတယ်။ ညာဘက်အောက်ဆုံးပုံမှာ မြှားထိုးပြထားသလို တဆက်တည်းဖြစ်နေတဲ့အရောင်တွေကို Analogous Color လို့ခေါ်ပါတယ်။

Color Meanings
အခု Color Theory တွေအကြောင်းပြောရင်းနဲ့ ဆက်ပြီးတော့ အရောင်လေးတွေရဲ့ အဓိပါယ် (Meanings) နဲ့ ဘယ်နေရာတွေမှာ အသုံးပြုတယ်ဆိုတာလေးတော့ နည်းနည်းပြောပြပါမယ်။
အနီရောင်အဓိပါယ်နဲ့ အသုံးပြုကြပုံတွေကတော့ ရဲရင့်ခြင်း၊ မာကျောခြင်း၊ စွမ်းအင်၊ သွေး၊ မီး၊ စစ်၊ အန္တရယ်နဲ့ အချစ်သင်္ကေတ စတာတွေမှာ အသုံးပြုကြပါတယ်။
ခရမ်းရောင်ကိုတော့ စွမ်းအား၊ တော်ဝင်ဆန်မှု၊ မြင့်မြတ်မှု၊ ချမ်းသာကြွယ်ဝမှု၊ ရည်မှန်းချက် စတာတွေမှာ အသုံးပြုပါတယ်။
အ၀ါရောင်ကိုတော့ နေရောင်ခြည်၊ စွမ်းအင်၊ တက်ကြွခြင်း၊ မျှော်လင့်ချက် စတာတွေမှာ အသုံးပြုပါတယ်။
အစိမ်းရောင်ကိုတော့ ရှင်သန်ကြီးထွားခြင်း၊ သဘာဝ၊ လတ်ဆတ်ခြင်း၊ ကျန်းမာခြင်း၊ လုံခြုံမှု၊ ငွေကြေး စတာတွေမှာ အသုံးပြုပါတယ်။
အပြာရောင်ကိုတော့ ပင်လယ်၊ မိုးကောင်းကင်၊ ယုံကြည်စိတ်ချရမှု၊ နက်ရှိုင်းခြင်း၊ တည်ငြိမ်ခြင်း၊ စတာတွေမှာ အသုံးပြုကြပါတယ်။ ဒါကတော့ အရောင်တွေရဲ့ အဓိပါယ်ဖွင့်ဆိုချက်တွေနဲ့ အသုံးပြုလေ့ရှိတဲ့ အကြောင်းအရာတွေပါပဲ။

Common Graphic File Formats
ဒီအကြောင်းအရာမှာတော့ Graphic Design ပြုလုပ်တဲ့အခါမှာ သိထားသင့်တဲ့ ဖိုင်အမျိုးအစား File Format တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီလို File အမျိုးအစားတွေအကြောင်း သိရှိထားခြင်းအားဖြင့် မိမိကိုယ်တိုင် ဖိုင်သိမ်းဆည်းခြင်းနှင့် အခြားသော Graphic ဖိုင်များကို ဖွင့်ခြင်း၊ ပြင်ခြင်းများမှာ အသုံးတည့်မှာဖြစ်ပါတယ်။
File Format ဆိုတာကတော့ File ရဲ့ အမျိုးအစား တစ်နည်းအားဖြင့် File Type ကိုဆိုလိုတာပါ။ သိမ်းဆည်းထားတဲ့ ဖိုင်နာမည်တွေရဲ့ dot(.) ရဲ့နောက်မှာရှိတဲ့ စာလုံးလေးတွေပေါ် မူတည်ပြီး ဖိုင်အမျိုးအစားတွေ ကွာပါတယ်။ ဥပမာ- my photo.psd, myphoto.jpg ဆိုတဲ့ ဖိုင်အမျိုးအစားမှာတော့ dot(.) ရဲ့ ရှေ့က myphoto ဆိုတာက ဖိုင်နာမည်ဖြစ်ပြီး၊ dot(.) နောက်က psd, jpg စတာတွေကတော့ ဖိုင်အမျိုးအစားကိုခွဲခြားတဲ့ File Extension တွေပဲဖြစ်ပါတယ်။

*.PSD
.psd ဆိုတာကတော့ PhotoShop Doc**ent ရဲ့ အတိုကောက်ဖြစ်ပြီး Adobe ကပြုလုပ်ပိုင်ဆိုင်တဲ့ Photoshop ရဲ့ Native File Format ပဲဖြစ်ပါတယ်။ သူ့ကို သိမ်းဆည်းလို့ရတာလည်း Photoshop Program နဲ့ပဲဖြစ်ပြီး၊ ဖွင့်လို့ရတာ၊ ပြန်လည်ပြုပြင်လို့ရတာလည်း Photoshop Program နဲ့ပါပဲ။
Photoshop မှာ .psd အနေနဲ့ ကိုယ့်ရဲ့ဖိုင်ကို သိမ်းဆည်းထားမယ်ဆိုရင် Photoshop ထဲမှာ ပြုလုပ်ထားတဲ့ Layer တွေ၊ Style တွေဟာ ပြန်ဖွင့်တဲ့အခါ ပေါင်းစည်းမှုမရှိပဲနှင့် သိမ်းဆည်းစဉ်ကအတိုင်း ပြန်လည်ရရှိပါတယ်။ ဆက်လက်ပြုလုပ်ဖို့ရှိတဲ့ ဒီဇိုင်းတွေ ပုံတွေ၊ နောက်တစ်ကြိမ်မ ထပ်မံပြုပြင်အသုံးပြုစရာ ရှိတဲ့ ပုံတွေနဲ့ အရည်အသွေးကောင်းမွန်ဖို့လိုတဲ့ ပုံတွေကို psd နဲ့ သိမ်းဆည်းထားသင့်ပါတယ်။
psd file ရဲ့ အားနည်းချက်ကတော့ Layer တွေများလေ File အရွယ်အစား ကြီးမားလေဖြစ်ပြီး၊ psd နဲ့ သိမ်းဆည်းထားတဲ့ ပုံကို မိမိရဲ့ Windows ထဲမှာ Preview ကြည့်လို့မရသလို Photoshop Program မရှိတဲ့ စက်မှာဆိုရင် အခြား Program တွေနဲ့ ဖွင့်သုံးလို့မရတာပါပဲ။

*JPG/*JPEG
JPG/JPEG ဆိုတာကတော့ အဲ့ဒီ JPGE ဖိုင်အမျိုးအစားကို ဖန်တီးတဲ့ အဖွဲ့ရဲ့နာမည်ဖြစ်တဲ့ Joint Photographic Experts Group ရဲ့အတိုကောက်ဖြစ်ပြီး pixmap လို့ခေါ်တဲ့ raster data တွေကိုပဲ သိမ်းဆည်းဖို့ဖြစ်ပြီး၊ Data တွေကို ဖိသိပ်သိမ်းဆည်းထားတဲ့ ဖိုင်အမျိုးအစားဖြစ်တာကြောင့် ဖိုင်အရွယ်အစားလည်း သေးငယ်ပါတယ်။ Graphic Software အားလုံးလိုလို ဖွင့်လို့၊ အသုံးပြုလို့ရတဲ့ File အမျိုးအစားဖြစ်ပြီး၊ မည်သည့် Software မှမရှိသည့်တိုင်အောင် Windows ထဲမှာ ဖွင့်ကြည့်လို့ရပါတယ်။ Windows မှာသာမက အခြား OS တွေနဲ့ Digital TV တွေ၊ DVD Player မှာလည်း ဖွင့်ကြည့်လို့ရပါတယ်။
ဒါ့အပြင် MP4, Mobile Phone, Digital Camera တွေမှာလည်း ကြည့်ရှု့ အသုံးပြုလို့ရပါတယ်။ ပြောရရင်တော့ Digital ပစ္စည်းတိုင်းလိုလိုမှာ ဖွင့်လို့ရတယ်ပေါ့။ ဒါဆို ဘာကြောင့် Photoshop သုံးရင် JPG/JPEG နဲ့မသိမ်းကြတာလည်းဆိုရင်က သူ့မှာလည်း အားနည်းချက်တွေရှိလို့ပေါ့။ Photoshop မှာအလုပ်တွေလုပ်ပြီး သိမ်းလို့ရပေမယ့် Layer တွေ၊ Style တွေဟာ ပေါင်းစည်းသွားပါတယ်။ ကိုယ့်ရဲ့မြင်နေရတဲ့ ပုံစံအတိုင်းပဲ သိမ်းဆည်းလိုက်တာပေါ့။ နောက်ခံက Transparent မဖြစ်ပါဘူး။ သိမ်းဆည်းတာက ဖိုင်အရွယ်အစားသေးပေမယ့် တကယ်တမ်း အရည်အသွေးချင်း ယှဉ်လိုက်ရင် PSD ကို မမှီပါဘူး။ ဒါကြောင့် JPG ကို ပြန်ပြင်စရာမလိုတော့တဲ့ ဒီဇိုင်းတွေ၊ လူအများကို မျှဝေချင်တဲ့ ပုံမျိုးတွေနဲ့ အင်တာနက်ပေါ်မှာ အသုံးများပါတယ်။
ကိုယ်က အလုပ်တစ်ခုကို PSD နဲ့လည်းသိမ်းတယ်။ JPG နဲ့လည်း သိမ်းတယ်ဆိုရင် ပြန်ပြင်ဖို့လိုအပ်တဲ့အခါ မူလ PSD ကိုပဲပြင်ပါ။ JPG ကိုပြန်ပြီး ထပ်မသိမ်းပါနဲ့၊ JPG ကိုပြန်သိမ်းမယ်။ Daata re-export လုပ်မယ်ဆိုရင် data ဆုံးရှုံးမှုရှိပြီး ပုံအရည်အသွေးကျဆင်းမှုကို ဖြစ်စေလို့ပါ။ PSD မရှိတော့ဘူးဆိုရင်တော့ JPG ကိုပဲ အသုံးပြုရမှာပေါ့။

*.PNG
Portable Network Graphics ရဲ့အတိုကောက် စကားလုံးဖြစ်ပြီး Web (Internet) ပေါ်မှာ အသုံးများပါတယ်။ JPEG လို ဖိုင်အရွယ်အစားမကြီးမားပါဘူး။ Layer တစ်ခုတည်းပေမယ့် Transparent အဖြစ်သိမ်းဆည်းလို့ရပါတယ်။ သိမ်းဆည်းတဲ့အခါ Data ဆုံးရှုံးမှုလည်း နည်းပါတယ်။ Web Design အတွက် အဓိကသုံးပြီး Print Media တွေမှာတော့မသုံးပါဘူး။ JPEG လို Device တိုင်းနဲ့တော့ အဆင်ပြေမှုမရှိပါဘူး။


*.TIFF
Tagged Image File Format ရဲ့အတိုကောက် TIFF လို့ ပေးထားခြင်းဖြစ်ပြီး JPEG လို Image ဖိုင်ပါပဲ။ ဒါပေမယ့် ဖိုင် အရွယ်အစားပိုကြီးပါတယ်။ Printing လုပ်ငန်းတွေမှာ အဓိကထားသုံးပါတယ်။ ပုံနှိပ်လုပ်ငန်းတွေ၊ ဗွီနိုင်းလုပ်ငန်းတွေလိုမျိုးပေါ့။ Digital Image ကနေ တကယ့် Real Image ဖြစ်မလာခင်၊ ပုံမထုတ်ခင်၊ နောက်ဆုံး အသုံးပြုတဲ့ ဖိုင်အမျိုးအစားပါ။ အရည်အသွေး ကောင်းမွန်ပါတယ်။

*.GIF
Graphic Interchange Format ရဲ့ အတိုကောက် GIF လို့ ပေးထားခြင်းဖြစ်ပြီး၊ အရောင်က 256 color ပဲ ရတဲ့အတွက် ပုံထွက်အရည်အသွေးညံ့ပါတယ်။ Logo တွေ၊ Diagram တွေနဲ့ ကာတွန်းပုံလေးတွေမှာ အသုံးများပါတယ်။ အားသာချက်ကတော့ Animation တွေကို ပြုလုပ်သိမ်းဆည်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ Animation တွေတော့ မဟုတ်ပါဘး။ ဓါတ်ပုံလေးတွေ တစ်ပုံနဲ့တစ်ပုံပြောင်းတာ၊ စားသားလေးတွေပြောင်းပြီးနေတာ၊ အရုပ်ကလေးတွေ လှုပ်ရှားမှုပြောင်းလဲမှု Effect အနည်းငယ်ကို သိမ်းဆည်းထားပေးနိုင်တာပါ။

*.BMP
BMP File Format လို့ အသိများတဲ့ Windows Bitmap File Format ကိုတော့ Windows ထဲမှာသာ အသုံးများပါတယ်။ Paint နဲ့ Wordpad လို Program မှာသုံးပါတယ်။ Professional အနေနဲ့တော့ မသုံးကြပါဘူး။ File Size လည်း ကြီးမားပါတယ်။


ရေးသားသူ - ကိုစိုးမင်းသူ (OK Virus Cleaner Group)
@ Fwd Mail

No comments:

Post a Comment