Friday 9 November 2012
အခြေခံ vector ပုံရေးဆွဲခြင်း ... အပိုင်း ၁
Jan 6, '11 10:43 AM
by Zeng for everyone
ယခုရေးသားဖော်ပြမည့်အကြောင်းအရာကတော့ ပုံတစ်ပုံအား ကောက်ကြောင်း (Trace) လိုက်၍ Vector ပုံအဖြစ်ပြုလုပ်နည်းကို တစ်ဆင့်ခြင်းစီ ဖော်ပြပေးသွားမှာပါ။
အရင်ဆုံး Vector ပုံမရေးဆွဲခင် Bitmap Images ဆိုတာဘာလဲ ၊Vector graphics ဆိုတာဘာလဲ ၊ Vector နှင့် Bitmap ဘာကွာခြားလဲ ၊ Vector ပုံတွေကို ဘယ်နေရာတွေမှာသုံးမှာလဲဆိုတာ အခြေခံသိဖို့ လိုအပ်ပါတယ်။ ထို့အပြင် Vector ပုံရေးဆွဲရာမှာ Pen Tool ကို ကျွမ်းကျင်ပိုင်နိုင်စွာ သုံးတတ်ဖို့ လိုအပ်ပါတယ်။ ထို့ကြောင့် Vector ပုံမဆွဲခင် Pen Tool အသုံပြုပုံကို အရင်ဆုံး ဖော်ပြပေးသွားပါမယ်။
Bitmap Images
Bitmap Images ကို raster images ဟုလည်းခေါ်ကြပါတယ်။ Bitmap Images ကို Pixel များဖြင့်ဖော်ပြပါတယ်။ Pixel ဆိုသည်မှာ လေးထောင့်စတုရန်း ပုံသဏ္ဌာန်ရှိပြီး ၄င်းမှာတိကျသော နေရာနှင့် အရောင်တန်ဖိုးတို့ ရှိပါတယ်။ Bitmap Images တွေဟာ Resolution ပေါ်မှီခိုတဲ့အတွက် Resolution များသောပုံသည် Resolution နည်းသောပုံထက် ပို၍ အသေးစိတ် ပေါ်လွင်ပါတယ်။ Resolution ဆိုတာကတော့ ပုံတစ်ပုံရဲ့တစ်လက်မအတွင်းမှာရှိတဲ့ pixels အရေအတွက်ကို ပြောတာဖြစ်ပါတယ်။ ဒါကြောင့် Resolution များလျှင် Pixel ပါဝင်မှုများမှာဖြစ်ပြီး ပုံလည်းပို၍ အသေးစိတ်ပေါ်လွင်မှာဖြစ်သလို Resolution နည်းလျှင် Pixel ပါဝင်မှုနည်းမှာဖြစ်သည့်အတွက် ပုံဟာလည်းချောမွတ်ပြေပြစ်မှုရှိမှာမဟုတ်ပါဘူး။Bitmap Images အား ပုံကြီးချဲ့ကြည့်မည်ဆိုပါက ပုံပါအတိုင်း Pixel ကွက်များကို တွေ့မြင်ရမှာဖြစ်ပါတယ်။
Vector graphics
မျဉ်းဖြောင့် ၊ မျဉ်းကွေးများကို သချာင်္နည်းဖြင့်တွက်ချက်၍ ဂျီသြမက်ထြစ်(Geometric) ပုံစံနှင့်အညီဖော်ပြသောပုံကို Vector Graphic (တစ်ခါတစ်ရံ Vector shapes သို့မဟုတ် Vector objects) ဟုခေါ်ပါသည်။Vector graphics ဟာ Resolution ပေါ်မှီခိုမှုကင်းတဲ့အတွက် ပုံအား ရွှေ့ပြောင်းခြင်း ၊ အရွယ်အစားပြောင်းခြင်းအား အကြိမ်ကြိမ်ပြုလုပ်တော်လဲ Bitmap Images ကဲ့သို့ ပုံ၏အရည်အသွေး ၊ ပုံသဏ္ဌာန် ပျက်စီးယိုယွင်းစွားခြင်းမရှိပေ။ ထိုကြောင့် Vector graphics ကို အရွယ်အစား အမျိုးမျိုးနှင့် Media အမျိုးမျိုးသို့ထုတ်မည့် Artwork သို့မဟုတ် Logo ကဲ့သို့သော ပုံများအတွက် အသုံးပြုရန် အကောင်းဆုံးဖြစ်သည်။ ပုံတွင် Vector graphics ကို အပေါ်ရှိ Bitmap Images ပုံစံအတိုင်း ပုံကြီးချဲ့ပြထားသည်။ ၄င်းတို့ပုံနှစ်ပုံအား နှိုင်းယှဉ်ကြည့်ပါ။
Pen Tool မသုံးတတ်သေးသောသူများအတွက် Pen Tool အသုံးပြုနည်းနှင့်လေ့ကျင့်ခန်းများကို Ai ဖိုင်ထဲတွင် ထည့်သွင်းထားပါသည်။ Photshop ရှိ Pen Tool နှင့်အသုံးပြုနည်းတူပါသည်။ Pen Tool သုံးတတ်ပြီးသူများ ဤအဆင့်ကို ကျော်နိုင်ပါသည်။ Pen Tool လေ့ကျင့်ဖို့အတွက် Ai File ကို Download ယူပါ။
                     Adobe Illustrator CS3 ဖြင့်သုံးမှသာလျှင် အဆင်ပြေနိုင်ပါသည်။
Vector ပုံတွေရေးဆွဲကြတဲ့နည်းလမ်းကို ကျွန်တော်ကတော့ အခုလို ယေဘူယျအားဖြင့် သုံးမျိုးခွဲခြားလိုက်ပါတယ်။
၁။ တစ်ဦးတစ်ယောက်ရေးဆွဲထားပြီးသော Vector ပုံ၏အစိတ်အပိုင်းအချို့ သို့မဟုတ် အားလုံး ပုံတူပြန်ကူးရေးဆွဲခြင်း
Pen Tool နိုင်တယ်ဆိုရင်တော့လွယ်လွယ်ကူကူနဲ့ သူများဦးနှောက်ဖောက်စားတဲ့နည်းပေါ့။
၂။ ဓာတ်ပုံပေါ်တွင် ကောက်ကြောင်းလိုက်၍ရေးဆွဲခြင်း
ဒါကတော့ လူ ၊ တိရစ္ဆာန် ၊ ရှုခင်း ၊ အိမ်အသုံးအဆောင် အစရှိသော အရာဝတ္ထု ပုံတွေကို Vector ပုံစံဆွဲတာရှိသလို တကယ့်အပြင်မှာရှိသည့်ပုံစံနှင့်တူအောင် ပုံတူလိုက်ဆွဲတာလည်းရှိပါတယ်။
၃။ ကိုယ်တိုင်စိတ်ကူးပုံဖော်ဖန်တီးခြင်း
ကိုယ်တိုင်စိတ်ကူးရှိသလို ရေးဆွဲထားတဲ့ Vector ပုံတွေကတော့ အမြင်ဆန်းစေတဲ့အတွက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ ကျွန်တော်အနေနှင့်အခြေခံ Vector ပုံရေးဆွဲခြင်း (Basic Level) မှာ နံပါတ် ၁ မှရေးဆွဲနည်းတွေကို ဖော်ပြပေးသွားမည်ဖြစ်ပြီး အဆင့်မြင့် Vector ပုံရေးဆွဲခြင်း(Advance Level) မှာ နံပါတ် ၂ မှရေးဆွဲနည်းတွေကို ဖော်ပြပေးသွားမည်ဖြစ်ပါတယ်။ Vector ပုံများရေးဆွဲရာတွင် Pen Tool သည်အရေးအပါဆုံး Tool ဖြစ်၍ သင့်အနေနှင့် Pen Tool ကျွမ်းကျင်စွာသုံးတတ်ဖို့လိုအပ်ပါမယ်။
အခြေခံအဆင့် (၁)
ပထမဦးဆုံးအခြေခံအဆင့်အနေနှင့် အရောင်တစ်ရောင်တည်းသုံး၍ Vector ပုံများရေးဆွဲလေ့ကျင့်ပါမယ်။ ထို့နောက်မှ Gradient နှင့် Mesh Tool အသုံးပြု၍ Vector ပုံများရေးဆွဲပုံကို ဖော်ပြပေးသွားပါမည်။
ယခု Tutorial အတွက် အထက်တွင်ဖော်ပြထားသောပုံပေါ်၌် Right-Click နှိပ်၍ Save Image As... ဖြင့်သိမ်းထားပါ။
၁။ သူများဦးနှောက်ဖောက်စားဖို့အတွက် ပုံတစ်ပုံကို အခုလို Illustrator CS3 မှာ ဖွင့်လိုက်ပါတယ်။ ထိုနောက် ပုံပေါ် Click တစ်ချက်နှိပ်ကာ Select လုပ်၍ Transparency Palette (Window > Transparency) ရှိ Opacity ရာခိုင်နှုန်းကို သင်ရေးဆွဲရာတွင် အဆင်ပြေစွာမြင်ရသည်အထိ ရှော့ပေးပါ။
၂။ Pen Tool ကိုယူပါ။ ပုံပါအတိုင်း Default Fill and Stroke (D) ကိုနှိပ်ပါ။ Fill ကို None(/) ထားပါ။
၃။ Pen Tool ဖြင့် အနားလိုင်းများပေါ်တွင်လိုက်၍ထပ်ဆွဲပါ။ မှားသွားပါက Backspace key ဖြင့်အနောက်တစ်ချက်ချင်းစီပြန်ဆုတ်နိုင်ပါတယ်။ Pen Tool ဖြင့်ရေးဆွဲနေစဉ် မြင်ကွင်းနေရာရွှေ့လိုပါက Photshop မှာကဲ့သို့ Space Bar ဖိထား၍ ပြောင်းရွှေ့နိုင်ပါတယ်။
၎။ Pen Tool ဖြင့်ကောင်ကြောင်းလိုက်၍ အဆုံးသတ်ပါက ပုံတွင်ပြထားသည့်အတိုင်း Click နှိပ်၍ Fill နှင့် Stroke ကိုနေရာချင်းလဲလိုက်ပါ။
အခုလောက်ဆို သူများဆွဲပြီးသားပုံ ဘယ်လိုကူးယူလို့ရတယ်ဆိုတာ အခြေခံ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ နောက်တစ်ဆင့်ထက်ပြီး အရောင်နှင့်အစိတ်အပိုင်းပိုများတဲ့ Vector ပုံကူးရေးကြည့်ရအောင်။
အခြေခံအဆင့် (၂)
ဒီတစ်ခါတော့ အရောင်တွေ တစ်ရောင်ထက်မနည်း ပါဝင်လာသလို အစိတ်အပိုင်းတွေလဲ ပိုမိုပါဝင်လာပါပြီ။ ဒီပုံကိုကူးဆွဲရာမှာ အဓိကအရေးကြီးသတိထားရမဲ့နေရာကတော့ အစိတ်အပိုင်းများတစ်ခုနဲ့တစ်ခုထပ်ပြီး ရေးဆွဲရမည့်နေရာပါပဲ။
ပုံအားစတင်မကူးဆွဲမည် မည်သည့်အပိုင်းကိုအောက်မှာထား၍ မည်သည့်အပိုင်းကို အပေါ်ကအုပ်၍ရေးဆွဲမလဲဆိုတာ အရင်စဉ်းစားရပါမယ်။
၁။ ထုံးစံအတိုင်းအထက်ကပုံကို Save လုပ်ပြီး Adobe Illustrator မှာဖွင့်လိုက်ပါ။ ပြီးရင်အပေါ်က လေ့ကျင့်ခန်းအတိုင်း Opacity ရာခိုင်နှုန်းကိုလျော့ Layer ကို Lock ချပြီး Layer အသစ်တစ်ခုဖွင့်ထားပါ။
၂။ Pen Tool ကိုယူပြီးအထက်ကအတိုင်း Default Fill and Stroke (D) ကိုနှိပ်ပါ။ Fill ကို None(/) ထားပါ။
၃။ ပုံကိုကြည့်ပါက ဦးထုပ်၏အတွင်းသားသည် ဆံပင် ၊ ဦးထုပ် ၊ မျက်နှာတို့ရဲ့နောက်ဘက်တွင်တည်ရှိနေ၍ ၄င်းကိုပုံမှာပြထားသည့်အတိုင်း အတွင်းဘက်သို့အနည်းငယ်ပို၍ ဆွဲပေးပါ။
၎။ ဒုတိယအနေနှင့်  ဦးထုပ် ၊ မျက်နှာတို့ရဲ့နောက်ဘက်တွင်ရှိသော ဆံပင်ကိုဆွဲရပါမယ်။ အပေါ်ရှိ မျက်နှာအုပ်မည့် အစိတ်အပိုင်းကို အတွင်းဘက်သို့ပိုဆွဲပေးရပါမည်။ ပုံကိုကြည့်ပါ။
၅။ ထို့နောက်  ဦးထုပ်၏အောက်ဘက်တွင်ရှိသော မျက်နှာအစိတ်အပိုင်းကိုဆွဲပါ။ အင်္ကျီနှင့် ဦးထုပ်သည် မျက်နှာအစိတ်အပိုင်းကိုဖုံးအုပ်မည်ဖြစ်၍ ၄င်းဖုံးအုပ်ခံရမည့်နေရာကို ပိုဆွဲပေးရပါမယ်။ ပုံကိုသေသေချာချာကြည့်ပါ။
၆။ ပြီးလျင်  ဦးထုပ်ကိုဆွဲပါ။ နောက်မှ  ဦးထုပ်အပတ်လေးကိုဆွဲပါ။ ကျန်သောအစိတ်အပိုင်းများကိုလည်း ထိုနည်းအတိုင်းအောက်ဆုံးရှိ ဖုံးအုပ်ခံရမည့်အပိုင်းမှစ၍ဆွဲပေးပါ။
၇။ အားလုံးဆွဲပြီးပါက Layer ကို Lock ချထားတာကိုပြန်ဖြုတ်၍  Opacity ကို 100% သို့ပြန်ထားပေးပါ။ Stroke လိုင်းတစ်ကို Select လုပ်၍ Eyedropper Tool ဖြင့် Select လုပ်ထားသော Stroke လိုင်း အတွင်း Click နှိပ်၍ အရောင်ကူးယူပါ။
ထိုနည်းအတိုင်း ကျန်အစိတ်အပိုင်းအားလုံးကို အရောင်ဖြည့်ပေးပါ။ ပုံထပ်ထားတာ Layer အပေါ်အောက် လွဲနေလျှင် Ctrl + [ ဖြင့် Select လုပ်ထားသောအပိုင်းအားအောက်သို့လည်းကောင်း Ctrl + ]  ဖြင့် Select လုပ်ထားသောအပိုင်းအား အပေါ်သို့လည်းကောင်း ပြောင်းနိုင်ပါတယ်။
( လေ့ကျင့်ဖို့ ဒါမှမဟုတ်ကူးဆွဲဖို့အတွက် Vector ပုံများလိုအပ်ပါက www.shutterstock.com မှာရှာယူနိုင်ပါတယ်။ )
2010 © Soe Minn Tun
www.cgmyanmar.com
No comments:
Post a Comment