Friday, 23 November 2012

စင်္ကာပူကိုလာသင့် မလာသင့်

တလောက မြန်မာမီဒီယာ တစ်ခုကလာဗျူးတဲ့ အထဲမှာ မြန်မာပြည်ထဲက ပညာတတ် ဘွဲ့ရလူငယ်တွေ စင်္ကာပူ ကိုလာဖို့ တော်တော်များများ ကြိုးစားနေကြတယ်။ အဲဒါဘယ်လိုထင်ပါသလဲဆိုတဲ့ မေးခွန်းတစ်မျိုးလည်းပါဝင်ပါတယ်။ နောက်ပြီး ဖေ့(စ်)ဘွတ်ပေါ်က လူငယ်တစ်ချို့ရဲ့ အသံကို နားစွင့်ကြည့်ပြန်တော့ ဒီသဘောမျိုးလေးတွေ ရှိနေတာကိုခံစားရပါတယ်။

လာသင့်မလာသင့်နဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေတော့ ထွက်မယ်မဟုတ်ပါဘူး ။ ဖြစ်နိုင်ခြေတချို့တော့ ကျနော်လက်လှမ်းမှီသ၍ ရေးကြည့်ချင်ပါတယ်။ ကျနော့် အဖြကိုကပဲ "Yes " နဲ့ "No" ပါ။

ကျနော်ကိုယ်တိုင်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရစဉ်တုန်းက သူငယ်ချင်းတစ်ယောက်က သူလည်းလာချင်တယ်လို့ ပြောပါတယ်။ (စင်္ကာပူမှာ မဟုတ်ပါ။ ရွာမှာတုန်းကပါ။) ကိုယ့်အခက်အခဲတွေကိုပဲသိတဲ့ ကျနော်က သိပ်ပြီးဆန္ဒမစောဖို့ ပြောခဲ့ဖူးပါတယ်။ သူတကယ်တမ်းရောက်လာတော့ ကျနော်တွေ့ရတဲ့ အခက်အခဲတွေ သူမတွေ့ရဘဲ ချောမွေ့နေတာကို ၀မ်းပမ်းတသာတွေ့ရပါတယ်။ အဲဒီနောက်တော့ တစ်ဖက်သတ်ဆန်တဲ့ အဖြေကိုပေးတာထက် အကြောင်းအကျိုးလောက်ထောက်ပြပေးတာ အန္တရာယ်ပိုကင်းတယ်ဆိုတာ သဘောပေါက်လာမိတယ်။ ဒါကြောင့်ညီငယ် ညီမငယ် တွေအတွက် ကျနော့်ခံယူချက်က "Yes" (သို့) "No" ပါပဲ။

ဘာကြောင့် "Yes" လဲ
၁။ စင်္ကာပူဗီဇာက အနာက်နိုင်ငံကြီးတွေနဲ့ စာရင် ပိုလွယ်ပြီး လေယာဉ်လက်မှတ်ဖိုးကလည်း လူလတ်တန်းစားတွေတတ်နိုင်လောက်တဲ့ပမာဏမှာပဲရှိတယ်။ လူနေမှုအဆင့်အတန်းနဲ့ နည်းပညာက အနောက်နဲ့ မတိမ်းမယိမ်းမှာရှိတယ်။ သင်ယူခွင့် ၊ လေ့လာ ရှာဖွေခွင့်တွေ အများကြီးရမယ်။

၂။ နိုင်ငံခြား တိုင်းပြည်တွေထဲမှာ စင်္ကာပူဟာ မြန်မာအငွေ့အသက်အရဆုံးလို့ပြောရင် မမှားနိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့ တစ်နေရာကနေ တစ်နေရာသွာဖို့ဆိုတာကလည်း တစ်နာရီကျော်ကြာအောင် သွားရတဲ့ခရီးကနည်းပါတယ်။ နာရီဝက်အတွင်း လက်လှမ်းမီတဲ့ ခရီးတွေများပါတယ်။

၃။ လစာအားဖြင့် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာအများဆုံး၊ ဒီမှာအလုပ်အကိုင်စနစ်တကျရှိရင် ရွာကမိသားစုကို တော်တော်လေး အထောက်အကူ ပေးနိုင်ပါတယ်။ ဘာပဲလုပ်လုပ် စင်္ကာပူက စနစ်ရှိတယ်။ ဒီစနစ်တွေကို ပါးပါးနပ်နပ်လေ့လာနိုင်ရင် အကျိုးရှိစရာတွေ အများကြီးရှိတယ်။

အခြားအကြောင်းတရားတွေ အများကြီး ရှိပါတယ်။ သန့်ရှင်းတာ၊ လုံခြုံစိတ်ချရတာ စတာတွေပါ။ ဒါကြောင့် " Yes " အောက်မှာ အကျယ်ကြီး မရေးတော့ပါဘူး။ အဆင်ပြေရင် ကြိုးစားကြည့်ကြဖို့ အားပေးပါတယ်။ သို့သော်...

ဘာကြောင့် "No" ရတာလဲ။
ပထမဆုံး စင်္ကာပူရဲ့ မူနဲ့ပတ်သက်လို့ အဓိကအချက်လေးချက်ကို ဆွဲထုတ်ကြည့်မိပါတယ်။ ယေဘုယျသဘောကိုကြည့်တာမို့ တစ်ဦးချင်းမတိုက်ဆိုင်တာများရှိရင် ခွင့်လွှတ်စေချင်ပါတယ်။

၁။ စင်္ကာပူရဲ့ အဓိကပစ်မှတ်တွေက တရုတ်ပြည်မကြီးက တရုတ်တွေ၊ အိန္ဒိယန်း ပညာတတ်တွေနဲ့ အခုနောက်ပိုင်းမှာ ဥရောပနဲ့ အမေရိကတို့က လူတွေပါ။

၂။ မြန်မာပီအာတွေက စီတီဇင်ခံယူတာနည်းပါတယ်။ ဒီမှာ အနှစ် (၂၀) ကျော်နေလာပြီးသားမြန်မာတွေကတောင် မြန်မာပြည်ကိုပြန်ဖို့ ခြေတစ်လှမ်း မမြဲပြင်နေတတ်ကြပါတယ်။ ဒါကိုစင်္ကာပူအစိုးရက သဘောမပေါက်ဘဲနေမှာ မဟုတ်ပါ။

၃။ လွတ်လပ်လာတဲ့နောက်မြန်မာလူမျိုးတွေအများစု စင်္ကာပူမှာ အခြေချနေထိုင်ဖို့ဟာ ရာနှုန်းပိုနည်းသွားပါတယ်။ ဒါကြောင့် ဖေ့(စ်)ဘွတ်ထဲမှာ လူငယ်တွေ ကွန်မင့်ရေးသလို့ မြန်မာတွေအတွက် ပိုပြီးအကျပ်အတည်းရှိနိုင်ပါတယ်။

၎။ ပညာသင်ဆု စကောလားတွေပေးရာမှာလည်း မြန်မာကျောင်းသားတွေက သူများတွေလောက် အခွင့်အရေးမရ ရှိနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီမှာပညာသင်ပေးပြီး ရန်ကုန်ကိုပြန်ပြေး ၊ သူတို့ကိုပြန်ဆော်မှာ စိုးရိမ်လို့ပါ။ သူတို့မှန်ပါတယ်။

ဒီလေးချက်ကို နည်းနည်းထပ်ချဲ့ပါမယ်။
အင်္ဂလိပ်စကား ရုံးသုံးလို့ဒီမှာသတ်မှတ်ခဲ့ပေမယ့် စင်္ကာပူဟာ တရုတ်စကားကို မျက်ခြေမပြတ်ခဲ့ပါဘူး ။ ဒါကြောင့် သူ့လူမျိုးတွေကို တရုတ်မင်ဒရင်း သင်အောင်တိုက်တွန်းသလို တရုတ်ပြည်မကြီးထဲကလူတွေကို ဒီရောက်အောင်ဆွဲသွင်းပြီး နိုင်ငံအလိုက် တရုတ်စကားပိုတိုးတက်အောင် ကြိုးစားနေတာ ဆယ်စုနှစ်များစွာ ရှိနေပါပြီ။

အိန္ဒိယန်းတွေကိုလည်း သူတို့ကြိုက်ပါတယ်။ အိန္ဒိယန်း ပညာတတ်တိုင်းဟာ အင်္ဂလိပ်စကားကိုကောင်းကောင်းမွန်မွန်ပြောနိုင်ပါတယ်။ အထူးသဖြင့် အိုင်တီနဲ့ ရှေ့နေတွေမှာ အိန္ဒိယန်းတွေတော်တော်များပါတယ်။ တော်လည်းတကယ်တော်ကြပါတယ်။


တိုးတက်လာတဲ့ နိုင်ငံရဲ့အနေအထားကြောင့် အခုဆိုရင် အနောက်ကလူတွေ လာရောက်နေထိုင်ကြတာတောင် အရင်ထက် ပိုများလာနေပါတယ်။ လူဦးရေအကန့်အသတ်နဲ့ပဲထားနိုင်တဲ့ မြေမရှိတဲ့နိုင်ငံငယ်ဟာ ဘယ်သူ့ကိုလက်ခံမလဲဆိုတာ သေသေချာချာ စဉ်းစားပါလိမ့်မယ်။

ဒါကြောင့် သူတို့ အလိုချင်ဆုံး စီတီဇင်တွေဟာ တရုတ် ၊ အိန္ဒိယ ၊ လူဖြူတွေပါ။ အာရပ်မူစလင်တွေကို လိုချင်တယ်လို့ လီကွမ်းယုပြောနေတာတွေဟာ နိုင်ငံရေးစကားလို့ ယုံကြည်ပါတယ်။

နံပါတ်နှစ်ကတော့ စင်္ကာပူအစိုးရမကြိုက်ဆုံး မြန်မာတွေရဲ့ ခံယူချက်လို့ထင်ပါတယ်။ ကျနော်သိတဲ့ ဆရာကြီးတစ်ယောက်ဆိုရင် အသက် (၇၀) ကျော်ပါပြီ။ အခုထိ စင်္ကာပူမှာ အခြေမကျရှာပါဘူး ။ ဟိုမှာပြန်ပြီး ဘာလုပ်ရမှန်းမသိလို့သာနေနေရတာဆိုပြီး စင်္ကာပူနေလိုက် ၊ အမေရိကထွက်သွားလိုက်နဲ့ပါ။ သူမြန်မာပြည်ကိုစိတ်နဲ့ပြန်နေတာပဲ နှစ်ပေါင်း (၄၀) ကျော်ပြီလို့ဆိုပါတယ်။

နောက်ပြီး ပညာတတ်မြန်မာတွေဟာ ဘာသာရေးနဲ့ယဉ်ကျေးမှုကို တော်တော်တန်ဖိုးထားကြပါတယ်။ တချို့ဆိုရင် ဒီကပညာရေးက အဆများစွာ ပိုကောင်းပါလျက် ကလေးရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုကို စိုးရိမ်လို့ဆိုပြီး ရန်ကုန်ပြန်ပြီးကျောင်းထားကြတာတောင်ရှိပါတယ်။ ကလေးရဲ့ စိတ်ထဲမှာ ဘာသာနဲ့ယဉ်ကျေးမှု တော်တော်ရောက်သွားပြီ ဆိုတော့မှ ဒီကိုပြန်ခေါ်ပြီး ကျောင်းထားကြဖို့ စီစဉ်ကြတယ်ပါ။ ဒီအတွက် ပညာရေးနောက်ကျသွားမယ်ဆိုတာကို သူတို့ သဘောပေါက်ကြပါတယ်။ ဒါပေမယ့် သူတို့ ဒါကို အရဲစွန့်ကြတယ်။

ဘာကြောင့်ဒီစိတ်ဓါတ်ကို စင်္ကာပူအစိုးရက မကြိုက်တာလဲ။ ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက သူတို့ဓလေ့စရိုက် ၊ သူတို့ ယဉ်ကျေးမှုတွေ သင်ပေးပြီး သူတို့လူမျိုးဖြစ်အောင် ကြိုးစားနေတဲ့ သူတို့မူနဲ့ လုံးဝ ဆန့်ကျင်နေလို့ပါပဲ။

ဦးသိန်းစိန်တက်လာပြီး တံခါးတွေ ပွင့်လာတဲ့နောက် စင်္ကာပူအစိုးရက မြန်မာတွေကို ဘယ်အချိန် ပြန်သွားမယ့်ကောင်တွေလဲလို့သာ ကြည့်နေပါလိမ့်မယ်။ မှန်လည်း မှန်ပါတယ်။ မြန်မာအများစုက အိမ်လွမ်းတတ်ကြတယ်။ တရုတ်တွေဆိုရင် ရောက်တဲ့နေရာ သူတို့အိမ်ပဲ။ မြန်မာပြည်ဖွား တရုတ်တွေအတွက် မြန်မာပြည်သာ သူတို့နိုင်ငံပါ။ မလေးရှား၊ အင်ဒိုနီးရှားတို့က တရုတ်တွေလည်း ဒီအတိုင်းပါပဲ။ မြန်မာ၊ ဂျပန်၊ ကိုးရီးယားတွေက ဘယ်ရောက်ရောက် သူတို့ ဇာတိမပျောက်ကြပါဘူး။

အခုဆိုရင် နိုင်ငံခြားမှာ အခြေချဖို့ဆိုတာထက် နိုင်ငံခြားမှာ အခြေကျပြီးသားတွေတောင် ပြန်မယ် တကဲကဲ (တကယ်ဟုတ်မဟုတ်တော့ မသိပါ) ဖြစ်နေကြပါပြီ။ စောင့်ကြည့်နေကြပါပြီ။ ဒါကြောင့် မြန်မာတွေအပေါ် စင်္ကာပူက ပိုပြီး သံသယရှိနေပါလိမ့်မယ်။

နံပါတ်လေးကတော့ သူတို့အကြောက်ဆုံးပါပဲ။
ဘောလုံးစကားနဲ့ ပြောရရင် ပရီးမီးယားလိဂ်က ကလပ်တွေဟာ သူတို့ဘောလုံးသမားကောင်း တစ်ယောက်ကို တခြားပရီးမီးယားလိဂ်ကလပ်ကို မရောင်းချင်ကြသလိုပါပဲ။ ကိုယ့်ကိုအနီးကပ် ဒုက္ခပေးတော့မှာ မဟုတ်လား။ မန်ယူရောက်သွားတဲ့ ဗန်ပါစီကို အာစင်နယ် ကြောက်ရသလို၊ မန်စီးတီးရောက်သွားတဲ့ တက်ဗက်ကို မန်ယူကြောက်ရသလိုပါပဲ။

NUS လို၊ NTU လို တက္ကသိုလ်တွေကနေ သုတေသနတွေလုပ်၊ ဒေါက်တာဘွဲ့တွေယူ၊ ဘွဲ့လည်းရရော ဒီကျောင်းသားက ခဏသာ သူတို့အတွက်လုပ်ပေးပြီး သူ့နိုင်ငံကို ပြန်သွားရင် စင်္ကာပူတော့ နာပြီပေါ့။ အဲဒီကျောင်းသား အနောက်ကို ထွက်သွားတာတောင် စင်္ကာပူက ဒီလောက် မကြောက်ဘူး။ ဒီကျောင်းသားက အရှေ့တောင်အာရှနိုင်ငံတွေကို ပြန်သွားပြီး သူ့ကိုယ်သိ၊ ကိုယ့်သူသိ ပြန်ဆော်မှာကို သူတို့ကြောက်တာပါ။

ဒီတော့ မြန်မာကျောင်းသားတွေ ညည်းညူတတ်တဲ့ “စင်္ကာပူက မြန်မာတွေကို ဦးစားမပေးဘူး” ဆိုတာ မှန်သလို စင်္ကာပူရဲ့ သူ့နိုင်ငံကို ကာကွယ်တဲ့ပေါ်လစီလည်း မှန်တာပါပဲ။

ဒါတွေက စင်္ကာပူရဲ့မူတွေပါ။ ဒါတွေပြီးရင် မြန်မာတွေဘက်ကိုလည်း ပြန်ကြည့်ကြပါဦးစို့။ အဓိက နှစ်ချက်ပဲ ဆွဲထုတ်လိုက်ပါတယ်။ ဖြည့်လိုက ဖြည့်ပါ။

၁။ မြန်မာတွေဟာ အင်္ဂလိပ်စာ ညံ့တယ်။ ဒီတော့ ရှေ့ရောက်မလာတတ်ဘူး။
၂။ စင်္ကာပူမှာ ရတဲ့ငွေနဲ့ မြန်မာပြည်က ဈေးကွက်ကိုလိုက်ဖို့ ခက်တတ်တယ်။

သခင်မျိုးဟေ့တွေ ဘာတွေ မအော်ဘဲ အင်္ဂလိပ်စာ (အထူးသဖြင့် အင်္ဂလိပ်စကားပြော) ညံ့တာကို လက်ခံထားကြရအောင်။ အနောက်တက္ကသိုလ်ကြီးတွေမှာ ကျောင်းပြီးပါတယ်ဆိုတဲ့ သူတွေတောင် အရေးနဲ့ အဖတ်မှာတော်ပြီး အပြောပိုင်းမှာ ညံ့နေတတ်ပါတယ်။ မချောဘူး။ ငယ်စဉ်ကတည်းက အင်္ဂလိပ်စကားပြောနိုင်ငံထဲ ရောက်သွားသူတွေသာ အင်္ဂလိပ်စကား ချောပါတယ်။

ဒါကလည်း ဘာကို အပြစ်တင်ရမှန်း မသိပါဘူး။ ဒီပြင်နိုင်ငံတွေ အသာထား၊ နီပေါလို နိုင်ငံက ကျောင်းသားတွေတောင်မှ အထက်တန်းအဆင့်ထိ ကျောင်းတက်ခဲ့ရင် အင်္ဂလိပ်စကားက ချောနေပါတယ်။ ထားပါတော့။

အင်္ဂလိပ်စကားပြောက ဒီလောက် အရေးပါလို့လား။

သိပ်အရေးပါပါတယ်။ ကုမ္ပဏီတွေမှာ Contribution နဲ့ Performance အလေးထားပါတယ်။ ကွန်ထရီဗြူးရှင်းလည်းရှိ၊ ပါဖောင်းမင့်လည်းရှိဆိုရင် ရှေ့ရောက်ဖို့ ပိုပြီး အားကောင်းပါတယ်။ အင်္ဂလိပ်စာ အားနည်းတော့ ပါဖောင်းမင့်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကွန်မြူနီကေးရှင်းမှာ ညံ့သွားတော့တယ်။ မြန်မာတွေဟာ ရိုးသားတယ်၊ ကြိုးစားတယ်၊ သည်းခံတယ်၊ စောဒက သိပ်မတက်တတ်ဘူး (နိုင်ငံခြားသားအပေါ်မှာ)။ ဒီတော့ ကွန်ထရီဗြူးရှင်းမှာ နာမည်ရတတ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားက မချောတော့ အရေးတကြီးပွဲတွေမှာ မ၀င်ရတော့ဘူး။ အရေးကြီးတဲ့ လူတွေနဲ့ ဆက်ဆံခွင့် သိပ်မရတော့ဘူး။ ဒီတော့ လခစားပဲ ဖြစ်နေလိမ့်မယ်။ ( နှစ်ဖက်စလုံးတော်တဲ့ မြန်မာတွေ မရှိလို့ မဆိုလိုပါ။ ရှိပါတယ်။ နည်းပါတယ်။) စီးပွားရေး သဘောတရားတွေ လက်တွေ့လေ့လာရဖို့ စီးပွားရေးပညာရှင်တွေနဲ့ နဖူးတွေ့ဒူးတွေ့ စကားပြောခွင့်တွေ သိပ်ရမှာ မဟုတ်တော့ဘူး။

ဒီတော့ အတွေ့အကြုံရရင် တော်ပြီဆိုရုံတင် မဟုတ်ဘဲ ကိုယ်တိုင် ဘော့(စ်)လုပ်ချင်သူတွေ ဒီကို လုံးဝ မလာသင့်ပါဘူး။ Small fish in a big pond ထက် Big fish in a small pond က တစ်ခါတခါ အလုပ်ပိုဖြစ်တတ်ပါတယ်။

နံပါတ်နှစ်က အနာဂတ်နဲ့ ပိုဆိုင်ပါတယ်။
စင်္ကာပူမှာ ဒေါ်လာရပေမယ့် မြန်မာ့ဈေးကွက်နဲ့ ချိတ်ဆက်မထားနိုင်ရင် ဒေါ်လာနဲ့ မြန်မာ့ဈေးကွက်ကို လိုက်လို့မရနိုင်ဘူး။ ပုဂ္ဂိုလ်ရေးအရ ကျနော်သိတဲ့ ဆရာတစ်ယောက်အကြောင်း ပြောပြပါ့မယ်။ ကလေးသုံးယောက်နဲ့အတူ စင်္ကာပူကို ရောက်လာကြတယ်။ ဆရာက ထိပ်သီးနိုင်ငံခြားဘွဲ့တစ်ခု ရထားတယ်။ ကလေးတွေကို ကျောင်းထား၊ ဇနီးက အိမ်ရှင်မဆိုတော့ ရန်ကုန်မှာ ရှိတဲ့အိမ်ဝင်းတွေပါ ရောင်းချပြီး ကလေးတွေရဲ့ ကျောင်းစရိတ် ထုတ်ခဲ့ကြတယ်။ သူက ပြောတယ်။ စင်္ကာပူမှာ အိမ်ဝယ်နိုင်တယ်။ ရန်ကုန်မှာ အိမ်ဝယ်ဖို့ ပိုက်ဆံ မလောက်ဘူးတဲ့။

ကျနော့် ကောက်ချက်က မြန်မာပြည်ရဲ့ ဈေးကွက်နဲ့ လုံးဝအဆက်ပြတ်ခဲ့တယ်။ ဒီတော့ ဒေါ်လာနဲ့ လိုက်တာတောင်မှ သိပ်မမီဘူး။

နောက်ကျနော်သိတဲ့ ဇနီးမောင်နှံရှိတယ်။ သူတို့က ဒီမှာ အလုပ်လုပ်ပေမယ့် မြန်မာ့ဈေးကွက်နဲ့ အဆက်မပြတ်ဘူး။ ဒီမှာရှိတဲ့ အိမ်ကိုရောင်းပြီး ရန်ကုန်မှာ အိမ်ဝယ်ထားလိုက်တယ်။ သိန်းထောင့်ရှစ်ရာလောက် တန်တဲ့အိမ်က ဒီနှစ်ကျနော်ပြန်လို့ သူတို့နဲ့တွေ့တော့ သိန်းငါးထောင် ပေးပြီး လာဝယ်တယ်တဲ့။ ကဲ … လစာရတဲ့ဒေါ်လာနဲ့ အဲဒီဈေးကွက်ကို ဘယ်လိုလိုက်မလဲ။ တစ်လ ငါးထောင်ဝင်တယ်ထား၊ တစ်နှစ်ခြောက်သောင်းပဲ ရှိသေးတယ်။

ဒီတော့ ကျနော်တို့ ကောက်ချက်တစ်ခု ဆွဲနိုင်ပြီ။
သူ့လစာယူ၊ သူခိုင်းတာလုပ်၊ စင်္ကာပူကို လာသင့်တယ်။

အိပ်မက်ကြီးတဲ့သူတွေ ဒီကို မလာသင့်ဘူး။ အိပ်မက်တော့ ရှိတယ်၊ အရင်းအနှီးက မရှိတော့ ဘယ်လို လုပ်မလဲဆိုတဲ့ ပုဂ္ဂလိကမေးခွန်းလည်း ရှိပါတယ်။ စင်္ကာပူမှာ သုံးလေးနှစ်အလုပ်လုပ်ပြီး အရင်းနှီးရဖို့ ငွေစုမယ်ဆိုရင်လည်း ကိုယ်စုထားတဲ့ငွေက လာမယ့်သုံးလေးနှစ် မြန်မာ့ဈေးကွက်ထဲမှာ မလုံမလောက် ရှိနေဦးမှာပါပဲ။

မြန်မာပြည်မှာ အခွင့်အလမ်း နည်းနည်းရှိတယ်ဆိုဦး၊ အဲဒါကို လိုက်တာက ရေရှည်မှာ ပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ်။

ဘောလုံးစကားနဲ့ ပြောရရင် အိမ်ကွင်းက ပရိသတ်ရှိတယ်။ ဒိုင်က မသိမသာဆို (၅၀/၅၀ဆိုရင်) ကိုယ်အသာစီးရတယ်။ စင်္ကာပူမှာ ၅၀/၅၀ ဆိုရင် ကိုယ်ရှုံးပြီးသားပဲ။

နောက်ဆုံးပြောချင်တာကတော့ တရုတ်၊ အိန္ဒိယတို့ဆီက ထိပ်တန်းပညာရှင်တွေ စင်္ကာပူကို မလာကြဘူး။ အဲဒီထိပ်တန်းတွေကို မယှဉ်နိုင်တဲ့ ဒုတိယတန်းစားတွေ ဒီကို လာကြတယ်။

အဖြေက … ကျနော့် သဘောအရကတော့ ဟင်းလင်းပွင့်ပါပဲ။ ဆရာကြီးဂိုက်ဖမ်းတာ မဟုတ်ပါ။ ညီငယ် ညီမငယ်တွေအတွက် ကြုံရဖတ်ရသမျှ ဖြန့်ဝေတာပါ။ ဒါကို သဘောပေါက်ပေးရင် ကျေးကျေးပေါ့။

No comments:

Post a Comment