Tuesday 4 December 2012

“အင်္ဂလိပ်ဘာသာစကားကိုချဉ်းကပ်ခြင်း” (Approaching the English Language)

ပညာရပ်တစ်ခုကိုလေ့လာရာတွင် (၁) ချဉ်းကပ်ပုံချဉ်းကပ်နည်းမှန်ကန်ရန်၊ (၂)ဆရာ၏ညွှန်ကြားချက်ကိုတိတိကျကျလိုက်နာရန် (၃) သဘာဝကျရန်ဟူသောအချက်(၃)ချက်ကိုအထူးသတိထားရပါမည်။
၁။ချဉ်းကပ်ပုံမှန်ကန်ခြင်း
ဆူးလေကိုသွားလိုသောသူသည်အင်းစိန်ဖက်သို့သွားသောကားကိုစီးမိလျှင်လမ်းလွဲပြီးအချိန်ကုန်၊ငွေကုန်၊လူပင်ပန်းမည်ဖြစ်သလိုဘာသာရပ်တစ်ခုကိုလေ့လာရာတွင်လည်းထိုသို့မဖြစ်စေရန်ချဉ်းကပ်နည်းမှာအလွန်အရေးကြီးပါသည်။ဘာသာစကား (Language) တစ်ခုကိုလေ့လာသင်ယူလျှင်နားထောင် (Listening) ၊ပြော (Speaking) ၊ဖတ်(Reading) ၊ရေး(Writing) ဟူသောစွမ်းရည်၎ရပ်(4 skills)ကိုတစ်ပြိုင်နက်တည်းဟန်ချက်ညီညီလေ့လာသင်ယူရပါမည်။ဘာသာစကားတစ်ခုကိုလေ့လာရာတွင်စကားပြောယုံသက်သက်မဟုတ်ပဲစာတတ်သည်အထိလေ့လာသင်ယူသင့်ပါသည်။မိခင်ဘာသာစကား(Native Language/Mother tongue) တွင်ပင်လျှင်မြန်မာစကားပြောတတ်သူတိုင်းစာမတတ်နိုင်ပါ၊ရေးတတ်၊ဖတ်တတ်ရန်စနစ်တကျလေ့လာသင်ယူရမည်ဟုဦးစွာနားလည်သဘောပေါက်ရပါမည်။အင်္ဂလိပ်ဘာသာစကားသည်လူတစ်ဦးနှင့်တစ်ဦး၊နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံကြားလူမျိုးပေါင်းစုံထိတွေ့ဆက်ဆံရာတွင်ဆက်သွယ်မှု ( Communication) ပြုလုပ်သည့်နိုင်ငံတကာသုံးဘာသာစကား (International Language) ဖြစ်သောကြောင့်ပြောဆိုဆက်ဆံရာတွင်မိမိပြောလိုသည်ကိုပြောနိုင်ယုံဖြင့်မလုံလောက်ပဲတစ်ပါးသူပြောသည်ကိုလည်းနားထောင်ပြီးနားလည်ရန်လိုအပ်ပါသည်။နားထောင်( Listening)သောအခါစကားအားလုံးကိုချက်ချင်းနားလည်ရန်မဖြစ်နိုင်ပါ။မသိသော၊မကြားဖူးသောစကားလုံးများကိုစာဖတ်ခြင်း၊ (Reading) ကရနိုင်ပါသည်။အင်္ဂလိပ်ဘာသာစကားကိုစတင်ပြောဆိုချိန်တွင်ပြောလိုသည့်ခံစားချက် (feeling) များကိုပုံဖော်ရန်ဝေါဟာရများ၊အသုံးအနှုန်းများကိုလည်းListeningနှင့်Reading မှရနိုင်ပါသည်။ထို့အပြင်လိုအပ်သည့်အခါနားထောင်ယုံ၊ပြောရုံသာမကရေးရန်အတွက်Writing လည်းလိုအပ်ပါသည်။ အတွက်ဝေါဟာရ ၊ ၎င်းအသုံးအနှုန်းများကိုလည်းReading မှပင် ရနိုင်ပါသည်။
L       S
W      R
          ထို့ကြောင့် အထက်ပါ စွမ်းရည် ၄-ရပ် (4skills)သည် တစ်ခုနှင့်တစ်ခုချိတ်ဆင်နေသဖြင့် တစ်ခုတည်းသီးသန့်ခွဲထုတ်လေ့လာရန် မဖြစ်နိုင်ပါ။ စကားလုံးတစ်လုံး၏ အဓိပ္ပာယ်(meaning) ကိုမသိခင်၊ စကားလုံး (word) ၏အသံ (sound) ၊ တနည်းအားဖြင့် အသံထွက် (pronounciation) ကိုဦးစွာလေ့လာရပါမည်။ အသံနှင့် ပတ်သက်    ၍နောက်ပိတ်သံ (plosive sound ) ၆-လုံးဖြစ်သော ‘p,b,t,d,k,g’ကိုသိရပါမည်။ ဥပမာ - dog ကိုအသံထွက်လျှင် နောက်ပိတ်သံ (plosive) ‘g’နှင့် အဆုံးသတ်သောကြောင့် ‘ဂ’သံကိုပီသအောင် ရွတ်ဆိုရပါမည်။ ‘dot’ သည် နောက်ပိတ်သံ(plosive) ‘t’ ဖြင့် ဆုံးသည့်အတွက် ‘ထ’ သံပီသအောင် ရွတ်ဆိုရပါမည်။ နောက်ပိတ်သံ(plosive sound)များမပီသပါကအဓိပ္ပာယ်နားလည်မှုများလွဲမှားနိုင်ပါသည်။ ထို့အပြင် native speaker များပြောဆိုသောအသံများ နှင့် မြန်မာလူမျိုးများ၏ အသံများသည် အများစုလွဲချော်နေသည်ကိုတွေ့ရပါသည်။ ၎င်းတို့ကိုသတိထားပြီး ပြင်မှသာတစ်ပါးသူအလွယ်တကူနားလည်နိုင်ပါမည်။ အသံ(sound)နှင့် ပတ်သက်၍cluster sound နှင့် linking soundများကိုပါ ထပ်မံသိထားသင့်ပါသည်။ဗျဉ်း (consonant) ဖြင့်အဆုံးသတ်သောစကားလုံးနှင့် သရ (vowel) ဖြင့် စသောစကားလုံးနှစ်ခုကိုချိတ်ဆက် အသံထွက်ရပါသည်။ဥပမာ-  car engine ကိုအသံထွက်လျှင် ကားအင်ဂျင်ဟုအသံထွက်ကြပြီးအမှန်အားဖြင့် 'ခါးရင်ဂျင်'ဟုပြောရပါသည်။  cup of tea ကို'ကပ်ဖော့တီး'ဟုပြောရပါသည်။

ဆက်လက်ပြိးအသံ၏ (sound) ၏ အစိတ်ပိုင်းတစ်ခု ဖြစ်သည့် စကားလုံးတစ်လုံး ၊ ဝါကျတစ်ကြောင်းပေါ်တွင် ဖိဆိုရသည့်အသံ(stress) ကိုလည်းသိရပါမည်။ စကားလုံး(word)တစ်ခုတွင် word stress ပြောင်းသွားလျှင် ထိုစကားလုံး၏ တာဝန်ဝတ္တရား (port of speech)ပြောင်းသွားပါသည်။ ဥပမာ-import ကိုအသံထွက်လျှင် noun formအတွက်ရှေ့တွင် (iအပေါ်) ဖိသံ(stress)ရှိပြီး ၊ verb formအတွက် အနောက်တွင် (pအပေါ်) ဖိသံ (stress) ရှိပါသည်။
ဥပမာ   -I have import licence. (Noun)
- I import the cars from japan (verb)
စကားတစ်လုံးချင်းပေါ်တွင် ရှိသည့်ဖိသံ (word stress) အပြင် ဝါကျတစ်ကြောင်းပေါ်ရှိစကားလုံးများပေါ်တွင် ဖိသံ (sentence stress) များလည်းရှိပါသည်။ sentence stress တွင် အများအားဖြင့် ဝါစင်္ဂ (၈)မျိုး(Eight parts of speech) မှ (noun) ၊ကြိယာ (verb) ၊ နာမဝိသေသန (adjective) နှင့် ကြိယာဝိသေသန (adverb) တို့တွင် ဖိသံ (stress) ရှိသောကြောင့် ဝါကျတစ်ကြောင်းတွင် ၎င်းအသံများကိုဖိဆိုရပါမည်။ဥပမာ I go to school by bus. အသံ (sound)၏ အရေးပါသောနောက်ထပ် အစိတ်အပိုင်းတစ်ခုမှာအသံအနိမ့်အမြင့် (intonation) ဖြစ်ပါသည်။ ၎င်းကိုအကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း (၃)မျိုးခွဲခြားနိုင်ပါသည်။
၁။ တက်သံ (raising tone)- Yes, No ဖြင့် ဖြေဆိုနိုင်သောမေးခွန်းဝါကျ (question sentence) များတွင်
သုံးပါသည်။
e.g Are you a student ?
၂။ ကျသံ (falling tone) -တောင်းဆို၊ ပန်ကြားဝါကျ (request sentence) များတွင် အသုံးပြုပါသည်။
e.g May I know your name, please?
၃။ သံမှန် (normal Tone)-ရိုးရိုးဖော်ပြဝါကျ (statement sentences) များတွင် သုံးပါသည်။
e.g He is a student.
အသံ (sound) နှင့် ပတ်သက်သည့် အထက်ပါ အချက်များကိုစနစ်တကျ သိရှိမှသာလျှင်Listeningကိုလွယ်လွယ် ကူကူနားလည်နိုင်မည် ဖြစ်ပြီး၎င်းအတိုင်း စနစ်တကျ မှန်မှန်ကန်ကန် ပြောဆိုမှသာ တစ်ပါးသူက လွယ်လွယ်ကူကူ နားလည်ပါလိမ့်မည်။ Language user တစ်ယောက်အနေဖြင့် အဆိုအပါ အချက်မှာသိရှိလျှင် လုံလောက်ပါသည်။
          အင်္ဂလိပ်ဘာသာစကား (English Language) ကိုလေ့လာသင်ယူသူတစ်ယောက်အနေဖြင့် မိမိကိုယ်ကို user ၊ leaner ကွဲပြားရန် လိုပါသည်။ User ဆိုသည်မှာအင်္ဂလိပ်ဘာသာစကားကိုအတိုင်းအတာတစ်ခုအထိနားလည် တတ်မြောက်လျှင် လုပ်ငန်းခွင်တွင် ပြောဆို၊ ဆက်ဆံအသုံးပြုသူသာ ဖြစ်ပြီးမိမိကိုယ်တိုင် တတ်သိနားလည်ယုံမျှမကသူတစ်ပါးအား ပြန်လည်သင်ကြားရန်၊ အင်္ဂလိပ်ဘာသာစကားဖြင့် ဘဝတစ်လျှောက်လုံးအသက်မွေးဝမ်းကြောင်း ပြုရန်လေ့လာသူများက Learner များ ဖြစ်ပါသည်။ Learner တစ်ယောက်အနေဖြင့် ဆရာ၏ ညွှန်ကြားသည့်အတိုင်းလိုက်နာလေ့ကျင့်နေယုံမျှ မလုံလောက်ပဲအကျိုးအကြောင်းဆက်စပ်မှုများသီအိုရီများကိုလေ့လာရမည် ဖြစ်ပြီးမိမိကိုယ်တိုင် လေ့လာသင်ယူမှု (self- study) ပြုလုပ်ရန် လိုအပ်ပါသည်။မိခင်ဘာသာစကား (native language) mother tongue )မှာသည်ပင်လျှင် မြန်မာစကားကိုရေးတတ်၊ ဖတ်တတ်၊ ပြောတတ်သူဘွဲ့ရပညာတတ် တစ်ယောက်က မြန်မာစာနှင့် ပတ်သက်သောကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့ပြုစုရန်၊ တစ်ပါးသူကို ပြန်လည်သင်ကြားရန် လူတိုင်းမဖြစ်နိုင်ပါ။ သီးခြားအချိန်ပေးထပ်မံလေ့လာမှသာရနိုင်ပါသည်။ သို့ပါ၍ အင်္ဂလိပ်ဘာသာစကား လေ့လာသူ တစ်ယောက်အနေနှင့် User ၊Learnerကွဲပြားမှသာလျှင် လိုအပ်ချက် များကို ၊ လိုအပ်သလို၊ လိုအပ်သလောက် ဖြည့်ဆည်းဆောင်ရွက်နိုင်ပါမည်။

၂။ ဆရာ၏ ညွန်ကြားချက်များကိုအတိအကျလိုက်နာခြင်း။
          အင်္ဂလိပ်ဘာသာစကားလေ့လာရာတွင် foreign language နှင့် second language ဟု ၂-မျိုး ရှိပါသည်။ foreign language ဆိုသည်မှာအကြမ်းအားဖြင့် ဖတ်တတ်ယုံအဆင့် (Reading skill) လောက်သာဟုယူဆနိုင်ပါသည်။ second language ဟုဆိုလျှင် မိခင်ဘာသာစကားတတ်သလောက်နီးနီးတတ်မြောက်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် အင်္ဂလိပ်ဘာသာစကားကိုရုံးသုံးဘာသာစကားအဖြစ် အသုံးပြုသော နိုင်ငံများတွင် နေ့စဉ်၊ နေ့တိုင်းရေး၊ဖတ်၊ ပြော၊ နားထောင်ပြုလုပ်နေရသောကြောင့် second language အဖြစ်သင်ယူရပါသည်။အင်္ဂလိပ်ဘာသာစကားကို second language အဖြစ်သင်ယူလိုပါက မြန်မာစကားတတ်မြောက်လာပုံကိုဦးစွာလေ့လာကြည့်ပါ။ စကားစတင်ပြောဆိုသောကလေးဘဝ အသက်၂-နှစ် အရွယ်ခန့်တွင် အရွယ်ရောက်ပြီးသောသူတစ်ယောက်ကဲ့သို့ ပြည့်စုံသောစကားကိုစတင်ပြောဆိုနိုင်မည် မဟုတ်ပါ။ ဥပမာသူ့အတွက် အမြဲတမ်း ကြားဖူးနေကြစကားဖြစ်သော ‘ထမင်းစားမလား? ၊ စားမယ်’ကိုအတုယူပြီးပြောသောအခါ သူ့နှုတ်ကထွက်လာသောစကားမှာ - ဝါကျအပြည့်အစုံမဟုတ်ပဲ ‘မန်ချား’ ပဲဖြစ်မှာပါ။ သို့သော် မိခင်ဖြစ်သူကနားလည်ပါသည်။၎င်းကိုဝါကျမပြည့်စုံ၊အသံထွက်မမှန်ဟုအပြစ်ပြော၍မရပါ။ သဘာဝတရားကိုနားလည်ရပါမည်။ အလားတူအင်္ဂလိပ်ဘာသာစကားကိုစတင်ပြောဆိုချိန်တွင် အသံထွက်အမှား ၊အသုံးအနှုန်းအမှား၊ ဝါကျအမှားစသည်ဖြင့်အမှားပေါင်းများစွာကိုတွေ့ရပါလိမ့်မည်။ အမှားကိုကြောက်ရွံ့ပြီး၊ မပြောရဲပါကကလေးတစ်ယောက်အတိုင်း ‘မန်ချား’ အဆင့်မှာပင် ရှိနေပါလိမ့်မည်။ အမှားပေါင်းများစွာကိုအကြိမ်ပေါင်းများစွာပြောဆိုလေ့ကျင့်ခဲ့ပြီးမှ မြန်မာစကားကိုတတ်မြောက်လာခဲ့ ရပါသည်။အင်္ဂလိပ်ဘာသာစကားကိုလေ့လာနေသူတစ်ယောက် အနေဖြင့် မိမိကိုယ်ကိုရက်သား၊ လသား၊ နှစ်သားအရွယ် စသည်ဖြင့် သိရှိနားလည်ရပါမည်။ ဥပမာ- ဘွဲ့ရကျောင်းသားတစ်ယောက်ကအင်္ဂလိပ်စာကို (၁၀)နှစ်ကျော်ကျော် ကျောင်းတွင် လေ့လာသင်ယူခဲ့သောကြောင့် မှားပြောမိမှာကိုရှက်တတ်ကြပါသည်။ အမှန်တကယ်အားဖြင့် ၎င်း(၁၀)နှစ်ကျော် လေ့လာခဲ့သည်မှာ အင်္ဂလိပ်စာကို foreign language အဖြစ်သာ လေ့လာသင်ယူ ခဲ့ရခြင်းဖြစ်ပါသည်။ Language သီအိုရီအရ‘Writing bases on speaking’ ဟု ဆိုပါသည်။သို့ရာတွင် (၁၀)နှစ်ကျော် ကာလပတ်လုံးစာသင်ခန်းပြင်ပကိုခဏဖယ်ထားပြီးကျောင်းစာသင်ခန်းအတွင်းတွင်ပင် ဆရာကလည်းအင်္ဂလိပ်လိုအချိန်ပြည့် မပြောခဲ့သလိုကျောင်းသားကလည်းအင်္ဂလိပ်လိုမပြောခဲ့ကြသည့်အတွက် သီအိုရီကိုပြောင်းပြန်လှန်ကာအဖိုးတန်အချိန်များကိုအောင်လက်မှတ် များနှင့်လဲခဲ့ကြရပါသည်။  second language အနေဖြင့် သင်ယူလိုသူတစ်ယောက်က“အင်္ဂလိပ်လိုပြောတဲ့ ပတ်ဝန်းကျင်တွင်ဘယ်လောက်နေခဲ့သလဲ? ၊ ဘယ်လောက်များများပြောခဲ့ဖူးပြီလဲ?”ဆိုသည့်မေးခွန်းကိုမိမိကိုယ်ကို ပြန်မေးကြည့်ပါ။ မကြားဖူး၊ မပြောဖူးပဲချရေးရန် ကြိုးစားလျှင် လမ်းမှားနေ ပါပြီ။ second language အဖြစ်လေ့လာသင်ယူရသောစာသင်ခန်းတွင် ဆရာကအင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချသောအခါ စကားလုံးတိုင်းဝါကျတိုင်းကိုနားလည်သိရှိမည် မဟုတ်ပါ။ ထိုသို့မသိ၊နားမလည်သောစကားလုံးများကိုဆရာကထပ်မံရှင်းပြသောအခါစာအုပ်ထဲတွင်ချရေးမှတ်ရန်မကြိုးစားပါနှင့်၊“ဘောပင်အဖုံးကိုဖွင့်လိုက်ခြင်းသည်စာတတ်မြောက်ခြင်းမုခ်ဦးကိုပိတ်လိုက်ခြင်း” ဖြစ်ပါသည်။ ဆရာကလေ့ကျင့်ပေးသည်မှာ -Listening ဖြစ်ပြီးမိမိကWriting လုပ်ရန် ကြိုးစားသောကြောင့် လုံးဝလမ်းမှားသွားပါသည်။ စကားလုံးတစ်လုံးကိုစာအုပ်ထဲတွင် ရေးမမှတ်လျှင် မမှတ်နိုင်ဟုစိတ်ထဲတွင် ထင်နိုင်ပါသည်။ သို့သော် (၁၀)နှစ်ကျော်  ရေးမှတ်ကျက်ခဲ့သောအင်္ဂလိပ်စကားလုံးဝေါဟာရများကိုမည်မျှအထိမှတ်မိသည်ကို ပြန်စဉ်းစားကြည့်ပါကသေချာသည်မှာစာအုပ် ထဲတွင်သာအားလုံးရှိပါလိမ့်မည်။ ငယ်ရွယ်စဉ် ကလေးဘဝအချိန်တွင် လူကြီး၊ မိဘ ပတ်ဝန်းကျင်ကပြောသော စီးပွားရေး၊ လှုမှုရေး၊ နိုင်ငံရေးအစရှိသောစကားလုံး၊ အကြောင်းအရာများအားလုံးကိုနားမလည်ခဲ့သော်လည်းစကားလုံးတိုင်းကိုမှတ်စုစာအုပ်တစ်အုပ်တွင် မရေးမှတ်ခဲ့ရပဲတတ်မြောက်လာခဲ့သည်ကိုသတိပြုသင့်ပါသည်။ Psycho ပညာရှင်များ၏ အဆိုအရသာမာန်ဥာဏ်ရည်ရှိသူတစ်ယောက်အနေဖြင့် စကားလုံးတစ်လုံးကို ၂၈-ကြိမ် ကြားမိသောအခါ စိတ်တွင်စွဲမြဲသည်ဟုဆိုပါသည်။ ကြိမ်ဖန်များစွာ ကြားရသောအခါ စွဲမြဲမှတ်မိလာပါလိမ့်မည်။ ဆရာသင်ကြားပို့ချသမျှကိုသေသေချာချာအာရုံစိုက် နားထောင်ပြီးဆရာညွှန်ကြားသည့်အတိုင်းတိတိကျကျ လိုက်နာလေ့ကျင့်ရန်သာလိုအပ်ပါသည်။ ၎င်းအချက်များကို ပြင်ဆင်ရန် ကြိုးစားပြီး စာတတ်မြောက်ခြင်း လမ်းမကို လျှောက်လှမ်းကြရပါမည်။
ထပ်မံ၍ အရေးကြီးသည့်အချက်မှာ မိမိကိုတတ်မြောက်အောင် သင်ကြားပေးနိုင်မည့်သူ ဟု ယူဆ၍ သင်ယူနေသော မိမိ၏ဆရာကို ယုံကြည်မှု အပြည့်အဝ ရှိရပါမည်။ဆရာကိုယုံကြည်သလို အသုံးပြုသော သင်ကြားနည်းစနစ် (teaching method) များကိုလည်းယုံကြည် ရမည်။ ဆရာဖြစ်သူကUser များကို teaching methodologyများကိုအသေးစိတ်ရှင်းပြရန် မလိုအပ်သည့်အတွက် အသေးစိတ်ရှင်းပြလိမ့်မည်မဟုတ်ပါ။ဆရာများတွင်စာတတ်မြောက်အောင်သင်ကြားပေးနိုင်သည့် နည်းလမ်းကောင်းများရှိပါသည်။ ၎င်းမှာ စာတတ်မြောက်ခြင်းအတွက် လျို့ဝှက်ချက်တစ်ခုပင် ဖြစ်ပါသည်။ သို့ပါ၍ ဆရာက ညွှန်ကြားသည့် အတိုင်း တိတိကျကျ လိုက်နာလေ့ကျင့်ရန် အထူးအရေးကြီးပါသည်။ လေ့လာသင်ယူသူ တစ်ယောက် အနေဖြင့် အသက်အရွယ်ကြီး သည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိ၏ အင်္ဂလိပ်ဘာသာ စကား အခြေအနေ အဆင့်အတန်းကို မည်မျှရှိသည်ကို သိရှိနားလည် လက်ခံနိုင်လျှင် ရှက်ရွံ့နေကြမဟုတ်ပါ ၊ သို့ပါလျှင် အင်္ဂလိပ်ဘာသာစကား၏ တံခါးတစ်ချပ်ကို ဖွင့်လှစ်နိုင်ပါလိမ့်မည်။

၃။ သဘာဝကျခြင်း
          ငယ်ရွယ်စဉ် မူလတန်းကျောင်းသား ဘဝစတင်ချိန်တွင် ဆရာ၊ ဆရာမများ ရွတ်ဆိုပြသော ကဗျာများ၊ စာလုံးများကို နားထောင်ပြီး လိုက်ဆိုခဲ့ကြရပါသည်။ ယင်းနောက်မှ ‘ဝ’လုံးကိုစတင်ရေးရန် ကြိုးစားခဲ့ရပါသည်။  စာဖတ်ဖို့ရန် ဝေးပြီး ‘ကကြီး’  ၊ ‘ခခွေး’ကိုပင် စတင်မရေးခဲ့ရသည်ကိုသတိရသင့်ပါသည်။ မူလတန်းကျောင်းသားဘဝကလေးအရွယ်တွင်ဘာကိုမှမသိ၊ မတတ်သေးသောကြောင့် အလွယ်တကူလိုက်နာခဲ့ကြပါသည်။ယခုအချိန် အင်္ဂလိပ်ဘာသာစကားကိုလေ့လာသင်ယူနေသူများသည် မိမိကိုယ်ကိုအတိုင်းအတာတစ်ခုအထိတတ်မြောက် နေသည်ဟုယူဆတတ်ကြပါသည်။ ၎င်းသည်ပင်လျှင် ကျော်လွှားရမည့် အတားအဆီး  တစ်ခုဖြစ်သည်။ မူလတန်း ကျောင်းသားဘဝအတိုင်း စဉ်းစားတွေးတောခြင်း မပြုပဲ လိုက်နာလေ့ကျင့် သင်ယူသင့်ပါသည်။  မူလတန်းကျောင်း သားများကို ဆရာ ၊ ဆရာမများက teaching methodology များ မရှင်းပြခဲ့သော်လည်း စာတတ်မြောက်လာခဲ့ ကြပါသည်။ ဗလာစာအုပ်အလွတ် စာအုပ်တွင် ချရေးလိုက်သည့် အရာများမှာ ရှင်းရှင်းလင်းလင်း ရှိနိုင်သော်လည်း စာရင်းစာအုပ်ဟောင်း တစ်အုပ်တွင် ရေးသားလျှင် ရှင်းရှင်းလင်းလင်း မတွေ့ရနိုင်သည့် ဥပမာနှင့် အလားသဏ္ဍာန် တူပါသည်။ ဘာသာစကားတစ်ခုကို လေ့လာရာတွင် သဘာဝကျကျ တဆင့်ပြီးတဆင့် မြင့်သထက်မြင့်အောင် ကြိုးစားလိုက်နာ လေ့ကျင့် လျှောက်လှမ်းရပါမည်။
          အချုပ်အားဖြင့်ဆိုရပါလျှင် အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ယူ နေသူများ အားလုံးချဉ်းကပ်ပုံ နည်းလမ်းမှန်မှန်ကန်ကန်ဖြင့် ဆရာများ၏ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာလေ့ကျင့်ကာ သဘာဝကျကျ လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းရင်း အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင် တတ်မြောက်နိုင်ကြပါစေကြောင်း ရည်ရွယ်၍ ရေးသားတင်ပြလိုက်ပါသည်။

          (ဖော်ပြပါအကြောင်းအရာများ အားလုံးသည် ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင်၏ ‘How to approach the English Language’ စာစဉ်နှင့် တစ်လတစ်ကြိမ် အတန်းသစ် ဖွင့်လှစ်ချိန်တိုင်းတွင် ပြောကြားနေသောစကားများကိုတင်ပြထားခြင်း ဖြစ်ပါသည်။ ကျေးဇူးရှင် ဆရာကြီးဦးမြကြိုင်အားဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါသည်။)

Education Digest Journal အတွဲ-(၁)၊အမှတ်- (၃၅၊၃၆)

                                                                                               
အောင်ကိုဦး(UMK)
အောင်ကိုကိုဦး
Assistant English Language Teacher
U MYA KYAING ENGLISH LANGUAGE SCHOOL for life
E-mail : siraungkou.umk@gmail.com
Phone : (95) 9 73185818
Face book: www.facebook.com/aungkou

Read more: “အင်္ဂလိပ်ဘာသာစကားကိုချဉ်းကပ်ခြင်း” (Approaching the English Language) - Myanmar Network http://www.myanmar-network.net/forum/topics/approaching-the-english-language#ixzz2E4vPyVR9

2 comments:

  1. ကျွန်တော့် post ကို share လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော့်ကိုယ်တိုင် Blog တစ်ခု ကြိုးစားပြီး ဖန်တီးထားပါတယ်။ Blog မှာ သင်ခန်းစာ Audio ဖိုင်တွေကို Playlist လုပ်ပြီး ထည့်ချင်ပါတယ်။ SCM, tunelist တို့ကို သုံးကြည့်ပေးမည့် အဆင်မပြေပါ။ အဆင်ပြေနိုင်တဲ့ နည်းလမ်းလေးရှိရင် မျှဝေပေးစေလိုပါတယ်။ ကျွန်တော့် Blog ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်.

    ReplyDelete
  2. ကျွန်တော့် Blog က www.siraungkou-umk.blogspot.com ပါ။

    ReplyDelete