Saturday, 3 November 2012

ဦးဖိုးကျား ၏..မယ်မြ

လွန်ခဲ့သော ၁၃- နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်း တစ် ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေးငါးနှစ်လောက် က တစ်ခေါက် သွားရသည်။

ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၎င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။ ကျွန်ုပ် သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တော် တစ် ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်က ထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း- လမ်းမမြင်သော ပင်လယ် ကြီးသို့ ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့သည် ကုန်းပတ်သို့ ထွက်ခါ ပင်လယ် သမုဒ္ဒရာ၏ အညို့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့်ရှု၍ ငေးမော နေသူနေ၊ တွေးတော နေသူနေ ရှိကြကုန်၏။ ကျွန်ုပ်သည်လည်း ကုန်းပတ် ပေါ်သို့ ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယား နှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၎င်း၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမသည် ဖြူစင် သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ၎င်း၏ ယောက်ျားကုလားက-

“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ- ဘာများစားရအောင်လေ” ဟု မြန်မာရေ လည်ပတ် စွာနှင့် နှုက်ဆက်လေရာ။ “အော်- ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော် ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကား တတ်ရဲ့လား” ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ “တတ်လား၊ မတတ်လား ခင်ဗျားဘဲ မေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက်ကွဲ့၊ စကားများ ပြောပါအုံး” ဟု ဖော်ရွေ စွာပြော၏။



မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့် ဆိုသည်ကား--

 “ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”

“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွားမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”

“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲ ရှိပါသေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က”

“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ဟင်- ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ” ဆို၍ မျက်နှာကို စိုက်ကြည့်မိရာ သိသလိုလိုရှိ၏။


၂ ယောက်သား စိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း- “နေပါဦး၊ ခင်ဗျား၊ ဟာ၊ ဧကန္တဘဲ။ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ ငါ-မောင်ကျားရယ်လေ”

“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်ကရုပ် တစက်ကမှ မရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခု တွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းက ထွက်သွားတာ ခုဆိုရင် ၁၂- နှစ် ၁၃- နှစ်လောက် ရှိရော့မယ်။

(သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာ အဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”

“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်း စကားပြောကြအုံး” ဟုဆို၍ထသွား၏။

ဇာတ်ရင်းကို လှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြားတွင် လောကဓာတ်ဘုန်းကြီးကျောင်း ရှိ၏။ ထိုကျောင်း တွင် ကျွန်ုပ်တို့ ငယ်ငယ်က နေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊သန်းညွှန့်တို့ တစ်တွဲ အလွန်ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆိုသလို နေကြ၏။ ၎င်းကျောင်း ၆- တန်းတွင် အတူ နေကြ၏။

ကျွန်ုပ်တို့ လူစုတွင် မယ်မြနှင့် ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦးမည်။ မယ်မြမှာ ဉာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဉာဏ်ကောင်းသလောက်- သွက်သလောက်- ပါးသလောက်၊ ဖိုးအေး ကြီးက- ဉာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန် သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား၏။ သူ့လက်အောက် ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြက စားစရာရှိလျှင် မိမိက နဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။

 ဤသို့ နေကြရာ ၆- တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ ၇- တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀- တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြဖွယ်ကောင်း၏။

“မယ်မြရယ်၊ နင် ဘယ်အဖြစ် ရောက်လာတာလဲ၊ နင်ဟာ တော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”

“မင့်လူ ဖိုးအေးကြီးလား၊ မင်းက လူဟုတ်ကြီး ထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့ သာနုံသေးတယ်၊ သူ့ကို မချစ်လို့တော့ မဟုတ်ပါဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”

 “နင့် ကုလားကကော၊ ဘယ်လောက်များ လူစကောင်းလို့လဲဟဲ့။”

 (မခံချင်၍ ဒေါသနှင့်မေးသည်။) “ဟာ မင်းမသိဘူး။ ငါ့ ကုလားကလေ၊ ခိုဒါ စူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူ အရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာဘူး မောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္ဗာန်ဘက်က နွားသတ်ရုံကို သူလေလံဆွဲ နိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ် မမှတ်နဲ့”

 “ဟင်- နို့ နင်ကိုယ်တိုင်လဲ နွားသတ်သလား”


“ဟာ- နင်ရူးသလားဟဲ့၊ ငါကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေ ပြောချင်လို့လား။ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်း သင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ- သေတဲ့ အသားစားရင် ရောဂါ ဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စားမှ သန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေ မင်းတို့ အင်္ဂလိပ်စာတွေ သင်ရတာ မပါဘူးလား”
“ဟာ- မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”

 ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍ “ဟေ့- မင်းကငါ့ကို တရားဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကို ဟောမှာ၊ အဘိဓမ္မာ တွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့ မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့ မသတ်ရဘူး၊သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကို လာပြီး လက်တို့ တတ်သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာလဲကွယ့် ပြောစမ်းပါဦး။ ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရားနဲ့ ပြည့်စုံရင်၊ ၀တ္တရား မလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခု ငါ့ယောက်ျား အဒူလမြစ်ဟာ ရွှေနဲ့ ငွေနဲ့ အခန့်စား မောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန် ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူကတောင် လာပို့တယ်၊ ဘယ်လောက် တော်သလဲ”

“ဟဲ့- အဲဒါက ဒါနပြုတာ မဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊ အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီး နင့်ကိုယူတာ မဟုတ်လား”

 “ဒါက နောက်မှဖြစ်တာ၊ ငါ့ကို မရခင်ကလည်း ပေးတယ်၊ ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ ရတော့ တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုး ၀ိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ် လာကြရတယ်၊ မင်းတို့ မြန်မာများ ဘယ်လောက် ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ ငွေနဲ့ဆိုတော့ ငါ့ကို အရပ်က အခု မမမြတဲ့၊ တချို့က ဘီဘီမြတဲ့၊ အဲဒါသာ ကြည့်တော့၊ ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာ အခု ကုလားခေတ် ထနေတယ်၊ ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူနေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ ရတယ်။ အခုသူတို့က မြန်မာလင်တွေ ကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ် မောင်ရေ့ ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။ မကျသေးရင် ကုလားလို ၀တ်လာခဲ့၊ မင့်ကို အရင်က စခန်းကြီးနေတဲ့ ဟိုကောင်မ ကြီးရှိတယ် မဟုတ်လား၊ အခု ရစေ့မယ် လာခဲ့။ ငါ အာမခံမယ်”


 "မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့ မြန်မာတွေရဲ့ အကျိုးယုတ်ရတယ်။ ဒီမှာကြည့်၊ ငါပြောမယ်”

“ဟေ့၊ တော်၊ မင်းတို့က ကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးကလာပြီး ငွေအား ကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ရှိလို့ မင်းတို့ လယ်လုပ်ဖို့ အရင်းရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ဆိုလို့ အရင်းအနှီး ရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူးလား”


“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား၊ နို့- နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခု ဘယ်သူ့လက်ထဲ ရောက်ကုန်ပြီလဲ”

“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင် နည်းသေးတယ်၊ မင်းက ကုလားကို အပြစ်တင် ချင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကို တော်လိမ့်မလား အောက်မေ့မိတယ်၊ မင်းလည်း ခပ်ချာချာ ပါကလား၊ ဟေ့- မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အလုပ် မလုပ်လို့၊ ကောက်ချင် လိမ်ချင်လို့၊ အမြော်အမြင် မရှိလို့၊ ချွေတာခြင်း မရှိလို့၊ ကိုယ့် ရှိတာထက် ကြွားချင်လို့ သိရဲ့လား၊ လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။ ကိုယ့် အပြစ်နဲ့ ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ်မှာ မတရား ချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါ သိပါတယ်ကွယ်၊ အခု တို့နယ်က လယ်တွေ မြေတွေ ကုလားလက်ထဲကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့် - မင့် မြန်မာတွေ၊ ရှေ့ကို သာပြီး ကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှား လုပ်စေတယ်။ အဲ့ဒါကို ကျေးဇူးမတင်ဘူး။ လယ်ငှားခ ပေးခါနီးကျရင် စပါးကို ကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလားက စိတ်နဲ့မာန်နဲ့ တောင်းရင် မင့် မြန်မာတွေက ဆဲတယ်။ ရိုက်ရိုက်လွှတ်တယ်။ အဲ့ဒါ ကောင်းသလား။ ဒီလို မရိုးဖြောင့်တဲ့သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲ့လား။ အခု မြန်မာတွေ ဒီလို ညစ်လို့ ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆို လယ်ငှားမှာ မဟုတ်ဘူး။ အခု ငါမလာခင်ကတင်ပဲ ကုလားတွေကို ရွေးပြီး ငှားနေတယ်သိရဲ့လား။ ရှေ့ကို ကြံထားပုံကိုလဲ ငါပြောပြဦးမယ်။ မကြာခင်ပဲ ကုလားပြည်က ကုလား အများအပြား ခေါ်ပြီး ရွာတည်ပေးလိမ့်မယ်။ ဘယ်ကလောက် ဉာဏ်ကြီးသလဲ မင်းကြည့် တော့။ ပြီးတော့။ အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေ ရနိုင်သမျှ မြန်မာပြည်မှာ ခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်း မယားခန်း မြောက်အောင်ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေးတွေကို ကုလားဇာတ်သွင်း၊ နောက် အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည် ဘာဖြစ်မလဲ။ မင်း တွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခု ကုလားဇာတ် သွင်းပြီးပြီ။ အခု စစ်တကောင်းမှာ အတော် ကြာနေပြီးရင် ဟို အနောက်မကာမြို့ကို အရောက်သွားမယ်။ ပြန်လာတော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”

 “မယ်မြ နင့်ဟာ လွန်ကုန်ပြီ၊ ငါ- နင့်အဖြစ် မြင်ရတာ အင်မတန် သနားတယ်။ ငါ ပြောပါရစေဦးဟဲ့”


 “ဘာ- မင်းက ငါ့ကို သနားတယ် ဟုတ်တယ် ဟုတ်လှသေး။ ငါက မင်းကို သနားတာ။ မင်းအခု ပညာဝန် လုပ်နေတယ်။ ငါကြား တယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ် ပျက်မှာပဲ။ မင်းတို့ မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာလာဖြစ်တာ တွေးမိတိုင်း ရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူ ပေလို့။ နို့မဟုတ်ရင် အမယ်လေးဟယ်။ ငါ ကလီဇာတုန်လှတယ်၊ မပြောချင်ပါဘူး။”

 “ကိုင်း- မယ်မြ၊ ငါလည်း ဘာမှ မပြောရဘူး။ နင်ချည်း ပြောတာပဲ။ ခု ငါပြောလို့လည်း ရမယ် မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလို ဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာ လွဲမှာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်။ တစ်နေ့နေ့တော့ နင်သိမယ်။ ကိုင်း- ဒါပဲ၊ ငါသွားမယ်။ နောက်မှ လာဦးမယ်” ဟု ဆို၍ ကျွန်ုပ် ထခဲ့၏။

ထိုနေ့ညနေ ကျွန်ုပ် ထမင်းမစားနိုင်တော့ပါ။ ကော်ဖီ တစ်ခွက်သာ သောက်၍ အိပ်ရာသို့ ၀င်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား “သြော်- ဒီလို ဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ ဖြစ်ရတာ။ သူတို့ကို အပြစ် တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့ အပြစ်မဟုတ်ဘူး။ သူတို့ ဒီလို စည်းမရှိ ကမ်းမရှိ လာချင်တိုင်း လာနေတာဟာ ဆိုင်ရာအစိုးရကခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရ ကို အပြစ်တင်ဖို့မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုး ဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ့်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင်သင့်တာပဲ။

နေဦး၊ တို့လူတွေ ခမျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။ အားကိုးစရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်း မရှိရှာကြဘူး။ ဒီတော့ ပိုမို သိကျွမ်းတဲ့ မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန် သိမြင်တဲ့လူတွေ ၀တ္တရား ပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်း ပါဝင်သင့်တယ် ထင်တယ်။ မိမိ သိကျွမ်း သိမြင် သမျှကို တတ်နိုင်သမျှ လူများ နားလည်အောင် ပြုလုပ်ဖို့ရှိတယ်။ ငါ ပြုသင့်သလောက် မပြုရသေးဘူး။ ဒါဖြင့် တရားခံ လက်သည် အစစ်က ငါ ဖြစ်နေပါကောလား။ ကိုင်း- ဒါဖြင့် ဇာတ်ကြော မရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေကို အပြစ်ဆိုမယ့်အစား ကိုယ့်ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသ တစ်ခုလည်း လုပ်ကြစို့။ “ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။ ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ် အကင်းဆုံးဖြစ်၏။” ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။

 နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယား မောင်နှံအား ဆလံများများ ပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ ဆင်းခါနီး၌ “မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကို ၀င်ထွက်သွား၊ ရော့လိပ်စာယူထား” ဆို၍ ပေးခဲ့၏။

 စစ်တွေတွင် ၇- ရက် တစ်ပတ်မျှ နေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေပြီးနောက် တစ်နှစ်ကျော် ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။

 တစ်နေ့တွင် မိန်းမ စုတ်ချာချာတစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။

 သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်းဝဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များ ခြောက်သွေ့၍ မသပ်မရပ် ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာ လုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေတကား။

 “မောင်ကျားရယ်၊ ငါ့အဖြစ် မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့် ပြောသည်) ငါတော့ ခွေးဖြစ်တာပဲ၊ စစ်တကောင်းကို ရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့ မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့ လက်ထပ်စေတယ်။ ငါ့ကို ကျွန်လို ထားတယ်။ ငါ့ကို မော်မကြည့်ဝံ့တဲ့ အဒူလမြစ်ဟာငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကို ခြေနဲ့တောင် ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေး သတ်မယ်လို့ကြံတယ်။ နောက် ကိုယ့်စိတ် ကိုယ်ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကို ဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့်မှာ ငါထွက်ပြေးပြီး သင်္ဘော က ထမင်းချက်သမားကို ငွေပေးပြီး သင်္ဘောဘေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာတာပဲ”

 “အေး- နင့်လို မိန်းမမျိုး ကြာကြာ လွဲမှား မနေနိုင်ဘူးဆိုတာ အစကပဲ ငါပြောလိုက်တယ်မဟုတ်လား။ အေးလေကွယ် တစ်သက် တစ်ခါ ဒုက္ခဆိုတာ တွေ့ရတာပေါ့၊ အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေတော့။ ငါ့ဆီမှာ နင်ပျော် သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”

 မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လ ကိုးသီတင်း နေပြီး၍ မိမိ၏ အရပ်ရင်း အစ်မထံတွင် နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှ ကျန်သေးသဖြင့် တောအရပ်တွင် ကောင်းစွာ ရင်းနှီး စားနေနိုင်ကြောင်း ပြောသည်နှင့် ကျွန်ုပ် ပို့လိုက်ပါ၏။ 

လွန်ခဲ့သော ၂- နှစ်ခန့်က နေ့စဉ် သတင်းစာကြီး တစ်စောင်၏ ခေါင်းကြီးပိုင်းတွင် ပါလာသည်ကား- “ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများ ရောက်ရှိ--- နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံများထက် စည်ကြောင်း၊ ပရိ သတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှာလပတ်ရည်၊ ကွမ်းဆေး၊ လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၎င်းကုမ္မာရီအသင်းဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင်စကား ပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမများ အရေးကြီးပုံ မိမိ မစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း၊ ၎င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့ သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်းလိုက်လံ ဟောပြောနေကြကြောင်း။

 ထို့ပြင် မကြာမီပင် ၎င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထပြု၍ အရပ်နှင့်စုပြီးလျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံအမြင့် ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက်ချမ်းသာကြရတော့မည် ဖြစ် ကြောင်း” ပါလေသည်။

 “အင်း- တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည်လျက် သဘောကျ ၀မ်းမြောက်ကျေးဇူးတင်ကာ ပြုံးလိုက် မိလေ၏။

နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍ အိမ်ထောင်မပြုဘဲ ဇွဲနှင့်နေခဲ့ရာ မယ်မြ ပြန် ရောက်၍ ၂ လလောက် အရှိတွင် မယ်မြက ငယ်နိုင်ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြလေပြီ ဟူသတည်း။

 အမျိုးသားပညာဝန်ဦးဖိုးကျား

 ၁၂၉၄ ခု (ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ် တင်ပြပါသည်

No comments:

Post a Comment